အပြင်မှာ
မှောင်တော့မယ် ညီမလေးရေ. . .။
ခုလိုညနေခင်းတွေဆို
ခိုကိုးရာမဲ့ငှက်တွေကို အစာချကျွေးရင်း
ကိုယ့်ညီမလေးလည်း
လောကကို တစ်ဆုံးတွေးနေတော့မယ်။
အေးကွာ . .
မြို့ကြီးပြကြီးဆိုတာလည်း
တောကြီးမျက်မည်းလိုပါပဲ
လမ်းမနဲ့တူတဲ့ကိုယ့်ဘ၀ကို
ငုံ့ကြည့်ပြီး လျှောက်တာတောင်
လမ်းပျောက်လိုပျောက်
သစ်ပင်နဲ့တူတဲ့ လူရဲ့အောက်မှာရပ်ရင်း
မျက်လုံးနဲ့မတူတဲ့ အကြည့်တွေကို ရှောင်ဖယ်ရင်း
ကိုယ့်ညီမလေးချကျွေးတဲ့
အစာဗန်းလေးထဲမှာ
ငှက်တစ်ကောင်ဖြစ်ချင်ပါတယ်။
အခုလို အမှောင်တွေ တရစ်ချင်းဆင်းလာပြီဆို
ကိုယ့်ကိုယ်ကို ညဥ့်နက်ထားရတဲ့နေ့တွေဟာ
ခေါင်းပေါ်ကဆံပင်တွေလို ရှည်လျားဆဲ
ဒုက္ခဆိုတာကလည်း
တစ်ခါတစ်လေ ဖီးသင်သပ်ရပ်လိုက်
တစ်ခါတစ်လေ ရှုပ်ထွေးပွယောင်းလိုက်မဟုတ်လား
ငှက်တွေအိပ်တန်းဝင်ကြပြီ ညီမလေးရေ
“ငါလည်းဒီည ဘယ်အကိုင်းမှာနားမလဲ”
အတွေးထူထူ တိရစ္ဆာန်ရုံနဲ့တူတဲ့
ဆူဆူညံညံ အရက်ဆိုင်လေးထဲက ထွက်လာခဲ့တယ်။
ကဲ . . .
လောကကို ခပ်မော့မော့ကြည့်တတ်တဲ့ ကိုယ့်ညီမလေးရေ
မိုးတွေလည်းမှောင်လာပြီ
မင်းအခန်းတံခါးကို ပိတ်လိုက်တော့
မင်းစာဖတ်ချိန် ၊ မင်းအိပ်ချိန်
ပြီးတော့ မင်းအိပ်မက်တွေထဲ
ခေါင်းငိုက်စိုက် ပျံသန်းလာတဲ့ငှက်တစ်ကောင်
ခပ်တိုးတိုးပေါက်ကွဲရင်း
လမ်းလျှောက်နေတာတွေ့ရင်လည်း
မင်းသိထားတဲ့ အဘိဓမ္မာတွေ ၊ ဒိုင်ယာလော့တွေနဲ့
ငါ့ဘ၀ထဲ ချကျွေးပါအုံးကွာ ။
Comment #1
*_*