မိုးနည်းရပ်ဝန်းမြေပေါ်မှာ(ပိုင်စိုးဝေ)
“သုံးလွန်တင်မှကြိုး
ဒေါင်ဒေါင်မည်မှအိုး
တောင်ကလာမှမိုး”
မိုးမျှော်တဲ့ တို့နယ်မြေတစ်ကြော
လယ်ယာမြေတွေပေါပါဘိသနဲ့
ဒါပေမယ့်သည်လယ်ယာတွေ
မိုးနည်းရပ်ဝန်းမြေပေါ်မှာ။
“ကိုးဆယ့်ကိုးချောင်းစုကာပေါင်း
ဆင်တဲဝချောင်းတဲ့”
ဆင်တဲဝချောင်းတကြော
ကြက်သွန်ခင်းတွေပေါပါဘိသနဲ့
ဒါပေမယ့် ဒီကြက်သွန်တွေ
မိုးနည်းရပ်ဝန်းမြေပေါ်မှာ။
“ပုပ္ပားတောင် ခေါင်းမြီးခြုံ မယုံနဲ့
ပုပ္ပားတောင် ခါးပန်း မစမ်းနဲ့”
တို့နယ်သားတွေဗေဒင်ဟောပါဘိသနဲ့
တို့လယ်ယာမြေ ပဲပြောင်းနှမ်းတွေပေါဘိသနဲ့
ဒါပေမယ့်သည်ပဲပြောင်းတွေ
မိုးနည်းရပ်ဝန်းမြေပေါ်မှာ။
“ကျောက်ရင်းတောင်သာ
ပြောင်းပေါတဲ့ရွာ”
အဆိုရှိခဲ့တဲ့ တို့နယ်မြေတကြော
ထန်းပင်တွေလည်းပေါပါဘိသနဲ့
ဒါပေမယ့် သည်ထန်းပင်တွေ
မိုးနည်းရပ်ဝန်းမြေပေါ်မှာ။
မိတ္ထီလာ မလှိုင် တောင်သာ မြင်းခြံ
ဆီမီးကန် ဝဲလောင် ပုပ္ပားနယ်တကြော
လူဦးရေပေါပါဘိသနဲ့
ဒါပေမယ့်သည်လူတွေ
မွဲခြောက်ခြောက်အသားအရေနဲ့
ဖဝါးတွေကွဲအက် ကြောပြင်တွေနက်ကြက်ဆူးထွက်လို့
မနက်နေ့ည
မအားအောင် လှုပ်ရှားကြသူတွေ။
သည်လူတွေ
တောင်သူဓလေ့
ယာမီးငွေ့တွေကြား
မှုန်ဝါးဝါးပန်းချီကားတစ်ချပ်လို
ဘဝကိုတပ်မက်
အသက်ရှင်ခြင်းကို ဖက်တွယ်
သဘာဝကို ဘယ်တော့မှ
အရှုံးမပေးတဲ့
မိုးနည်းရပ်ဝန်းမြေပေါ်က
တို့ဘဝရဲ့ရုပ်ပုံလွှာတွေ။ ။
Comment #2
မိုးနည်းရပ်ဝန်း

Comment #1
So much touching