ခဲခြစ် မျက်ရည် ကစားပွဲ
အညိုရင့်ရောင် အကျီထက်
နာကျင်မှုများ ငြိကပ် တွယ်ယှက်ခဲ့ပြီ..
တိမ်ညိုတေးချင်းတို့ခင်းသော လမ်းမ
ခြေထောက်တွေ ပွက်ပွက်ဆူထသည် အထိ
ငါ..လျောက်မည်..။
တေလေ လမ်းမ…
ခေါင်ရမ်း ပန်း…
လေကြမ်းကြမ်းတို့ဖြင့် ငါ့ကို နမ်းရှိုက်လော့….။။
ကြက်ဥနှစ်ရောင် အနမ်းတို့
ခမ်းနားစွာ အရည်ပျော်ကျသွားသောညဖြစ်သည်.။
ကျိန်စာတစ်ခုကို သူဆိုချိန်၌
ကိုယ်…ခေါင်းငိုက်စိုက်ဖြင့် နာခံမိ..။
ရက်စက်သူနှင့် ရက်စက်ခံရသူကြား
စကားလုံးများခြား၏..
ပါးလွန်းသောကြောင့် ထက်ရှသည်..။
သူမသည်
ထူးချွန်သော သူသတ် တစ်ယောက်ဖြစ်သောအခါ
ကျွန်တော် သည်လည်း
ထူးချွန်သော သူသေ တစ်ယောက်ဖြစ်၏…။
မျက်ရည်မြစ်၏ လက်တက်တို့ကို တွေ့ပြီ
ပေါက်ကွဲလတ္တံ့သော အနုမြူ ဗုံးတို့၏ လှောင်သံကြားရ၏..
သူမနင်းသွားသော ကိုယ့်ကံကြမ္မာကိုလုံး၍
ဘောလုံးလို ကျုံးကန်လိုက်သောအခါ ခြေထောက်နာသည်.။
မင်ရည်တို့ ခမ်းသွားသော
ဖောင်တိန်တစ်လက်၏ ညဖြစ်သည်
သူမနာမည်ကို အဖန်ဖန် အော်ခေါ်ရင်း
ကိုယ်လဲကျ၏…။
အို…..
မှောင်မိုက် လောင်မြိုက်နေသာ ည….
သူမ…ငါ့ကိုထားခဲ့ပြီ…
ငါ၏ ခုနှစ်စင်ကြယ် နတ်ဘုရားသည်
ငါ့ကို ထားခဲ့လေပြီ…….။
စီးကရက်ကို မီးညှိလိုက်သောအခါ
လူက မီးစွဲသွားသည်…
ငြိမ်းမရ….။
ရွက်ဆုပ်ပြက္ခဒိန်ကို ဆုပ်ဖြဲလိုက်သောအခါ
လူက စုတ်ပြဲ သွားသည်…
စက္ကူစုတ်လိုလုံး
တစ်ဘ၀လုံးစာ ပုံးအိပ်လိုက် ချင်တော့..။
( ငါသည် လူသားဖြစ်သည် မိသံလွင်..
ထို့ကြောင့် အသည်းအပိုမပါ…
ထို သောအသည်းပင်
အခု အက်ကွဲပြီဖြစ်၏…..
ကျိန်ဆို တတ်သော သစ်ပင်အိုများ..နှင့်အတူ
ငါ့ကို ဟားပါ…။
မြမြ ကလေး ပြုံးရုံနှင့်
သေဆုံးနိုင်ကြောင်း ခိုင်မာပါစေ…
ငါ့ရဲ့ မျှော်လင့်ချက် အရှုံး..
မင်းရဲ့ ဓါးထက်ထက် အပြုံးဆီမှာ သေစားသေစေ…..။)
အို….ငါ၏ အထူးကုများ..
ပုဝါ တစ်လက်ဖြင့် ထုတ်ပိုး
ရောဂါပိုးမွှား တစ်မျိုးကို အလွမ်းဟု ခေါ်ပါ..
မျှော်ကြည့်ရုံနှင့် စုံလုံကန်းလျင်
ငါ့ကို ဆေးထိုးရပ်ပါတော့….။
ကိုယ်ပျိုးသော မိုးတိမ်ဖြစ်၏..။
သို့သော်..
သူမ ပျိုးသော မိုးရေများ ရွာသောအခါ
ငါ့ကို အပြစ်တင်ကြပါ….။
တစ်..
နှစ်…
သုံး…
လက်ဝဲဖက် သွားတက်၏ သတ်ဖြတ်နှုန်းသည်
သုံးစက္ကန့်သာ အချိန်ယူကြောင်းလည်း
ငါပြောလျင် ယုံပေးကြပါ…။
ရင်ခွင်ကြားက နှင်းဆီဓါးသွားလိုမျိုး
ထက်ရှခဲ့ဖူးမည်..
တောက်ပခဲ့ဖူးမည်…
ထိုစဉ်က ငါသည် ရဲရင့်ပေ၏.။
ပန်းစက်ရာ ပါးပြင်ကိုရည်
သီချင်းတွေ သီကြွေးဖူးမည်…
ကြယ်သက်ရာ ဆံခက်
မြတ်နိုးစွာ နာကျင်ဖူးမည်…..
ငါသည် ရဲရင့်ခဲ့ပေ၏.။
ယခု.. ငါရှုံးပြီ…။
ငါတီးခတ်သော စောင်းကြိုးတို့ရှိသော်လည်း
ငါ့အသံ ထွက်သော စောင်းသည်မရှိ….။
ကဗျာဆရာ့စည်း…လူ့စည်း တားပါ
ပြီးရင်
စည်းတစ်ဖက်ခြားကနေ ငါ့ကိုသရော်ပါ…
ပျော်..ကျ..စီး..ဆင်း
နာကျင်ခြင်းဖြင့် အသားတံဆိပ် ခတ်နှိပ်အံ့..။
အဖြူရောင် ပင် ဖြစ်၏
သိပ်သည်းလွန်းသော အခါ မှောင်မိုက်တတ်သည်..
အလင်း၏ အဆိပ်ဆူးကို စူးပြီးနောက်
အချစ်ကို ကြောက်ရွံ့စွာ ယုံကြည်ပါရစေ…။
( ဖ၀ါးတစ်ဖက်၏ နက်ရှိုင်းမှုဖြင့်
ထုတ်ချင်းခတ် ထင်စွဲခဲ့သော နှလုံးသားအကြောင်း…
ခေါင်းကိုက်ပျောက်ဆေး သောက်ပြီး မေ့လိုက်ပါ သံလွင်..
မင်း ကိုပြန်ပေးဆွဲ သွားတဲ့…
ပိုးသားလေကြောင်းလည်း သက်တော်ရာကျော်ရှည်ပါစေ…
ငါ ဆုတောင်းနေမယ် .။
ဖျားတဲ့အခါ..
ပီပီအေ မပါတဲ့ Fluza ကိုသောက်ပါ…
နောက်က အရိပ်လို လိုက်ခဲ့တဲ့ ကောင်လေးကို
ခေါက်သိမ်းလိုက်ပါ တော့….။
အချစ်အကြောင်းစဉ်းစားမဲ့အစား
ပီကေ ၀ါး ကြတာပေါ့ မိသံလွင်…
အများသဘောမကျအောင်
(ဒီကဗျာမှာ)
ငါ… တမင် သွားခေါ ပြလိုက်ပါတယ်……။ )
ဂီတ ထူးဖြစ်၏..
မျက်ရည် သည် နွယ်လို ယှက်၍
အလွမ်းသည် ဆူးလို ခတ် သည်..
ငါ့ သေဆုံးခြင်းအတွက် ကြေငြာချက်မရှိ…
ကြေငြာချက်မရှိ…..
မောင်းခတ်ခြင်း မရှိ
ရာဇသံမရှိ…
ဤညသည် ငါ့အသည်းကွဲသော ညဖြစ်၏..
မှောင်မိုက် အရိပ် နှင့် လက်ခြင်းချိတ်လျက် ငါအိပ်မည်..
ဆည်းဆာ အိပ်မက် မမက်စေရ…။
နိုးဆက် နေ့
Comment #2
ကောင်းပါတယ် ကိုနိုးဆက်နေ့ ဖတ်ရှုခံစားသွားပါတယ်

Comment #3
နိုးဆက် နေ့  ဖြစ်သည်
ထို့ ကြောင့် ပင် ကဗျာ ဆူး သွား များ
ငါ့ရင်သို့ ခွင်း ရန် အခွင့် ရ ခဲ့ လေ တော့ သည်

Comment #4
သောက်ကျိုးနည်းး။ကောင်းလိုက်တဲ့ကဗျာ။
ထိချက်ပြင်းတယ်ဗျာ။very good!

Comment #5
တစ်..
နှစ်…
သုံး…
လက်ဝဲဖက် သွားတက်၏ သတ်ဖြတ်နှုန်းသည်
သုံးစက္ကန့်သာ အချိန်ယူကြောင်းလည်း
ငါပြောလျင် ယုံပေးကြပါ…။
ူ………………..
အားပေးသွားပါသည်

Comment #6
ကိုယ်ပျိုးသော မိုးတိမ်ဖြစ်၏..။
သို့သော်..
သူမ ပျိုးသော မိုးရေများ ရွာသောအခါ
ငါ့ကို အပြစ်တင်ကြပါ….။

Comment #7
အားလုံးကို ကျေးဇူးတင်လျက်ပါ ခင်ဗျ

Comment #1
like