စကားလုံးမရှိတဲ့ ကောင်းကင်
သူ ကျမလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်တွဲ …
ကျမဘေး သူအမြဲရှိမှာဖြစ်ကြောင်း
မြဲနေအောင် ဆုပ်ထားတဲ့ လက်ဖ၀ါးတစ်စုံက အသိပေးတယ် .. ။
သူ ကျမကို နောက်ကျောကနေ သိမ်းပွေ့ …
ဘယ်လောက်ထိ လွမ်းနေရကြောင်း ..
စကားသံ တိုးတိုးဖွဖွနဲ့ အသိပေးတယ် … ။
သူ ကျမပါးပြင် သူ့နှုတ်ခမ်းလေးနဲ့ ခပ်ဖွဖွ ထိ ..
ကျမကို ချစ်မြဲ ဖြစ်ကြောင်း
အနမ်းတစ်စနဲ့ အသိပေးတယ် .. ။
သူ ကျမပခုံးပေါ် ပါးကလေးအပ် …
ကျမသူ့အနားမှာ ရှိနေရင် ပျော်ရွှင်ကြောင်း
ဆံနွယ်တွေကို နမ်းရှိုက်ရင်း အသိပေးတယ် .. ။
သူ ကျမခေါင်းကို ခပ်ဖွဖွ ပွတ်သပ် …
ကျမဟာ သူ့အတွက် ကလေးငယ်လေးပဲ ဖြစ်ကြောင်း
အပြုံးတစ်ချက်နဲ့ အသိပေးတယ် … ။
သူ ကျမစကားသံတို့ကို တားဆီး …
‘ချစ်တယ်’ လို့ ပြောဖို့ စကားလုံးတွေ မလိုအပ်ကြောင်း
တရှိုက်မက်မက် အနမ်းတစ်ခုနဲ့ အသိပေးတယ် .. ။
သူ ကျမကို ရင်ခွင်ထဲသိမ်းပွေ့ …
ကျမကို သူ့နားရှိစေချင်ကြောင်း
မျက်ဝန်းတစ်စုံနဲ့ အသိပေးတယ် … ။
သူ ကျမဘေးမှာ မားမားမတ်မတ် ရပ်တည် ..
ကျမ ဘယ်အရာကိုမှ စိုးရွံ့စရာမလိုကြောင်း
သူ့ရဲ့ အမူအယာတိုင်းက ကျမကို အသိပေးနေလေရဲ့ ..။
Comment #2
အချစ်…..ရူးပြီ

Comment #3
ရင်ခုန်လိုက်တာ

Comment #1
အချစ် အချစ်