မနက်ခင်းသံဝေဂပန်းများ
…………………………. (ကျော်ဆန်းဦး)
အဖေက သားဖြစ်ရပြီး
သားက အဖေပြန်ဖြစ်ရတဲ့
ဟောဒီ ဒွန္နယာကြီးထဲ…
ငါတို့တွေဟာ
ဆုံလည်နွားတွေလို…
မနေ့ကလည်း
အနိစ္စ
ဒုက္ခ
အနတ္တ
ဒီနေ့လည်း
အနိစ္စ
ဒုက္ခ
အနတ္တ…
ဘယ်ကမ္ဘာမှာမှ
အရိယာသစ္စာဟာ လေးပါးထက်မပို
လေးပါးအောက်လည်းမလို
လောကဓံတရားဟာလည်း ရှစ်ပါးထက်မပို
ရှစ်ပါးအောက်မလို…
သမုဒ္ဒရာဆယ်စင်းမကမျက်ရည်တွေနဲ့
အဖန်တလဲလဲ
ငါတို့တွေသာ ငိုခဲ့တယ်
ပုလဲလို ရွဲလိုအဖွေးသားသွားတွေနဲ့
အဖန်တလဲလဲ
ငါတို့တွေသာ ရယ်ခဲ့တယ်…
သံသရာတစ်လျှောက်
ငါတိုခေါင်းဖြတ်အသတ်ခံပြီးကျခဲ့တဲ့သွေးတွေ
ပင်လယ်မက များပြီ
သံသရာတစ်လျှောက်
ငါတို့ရဲ့ အရိုးစုဟောင်းတွေ
မြင်းမိုရ်တောင်မကရှိပြီ…
တောတိုးဆင်ကန်းတွေလို
ငါတို့
ဘာကိုမှ မကြောက်ကြဘူး
သမုဒ္ဒရာလိပ်ကန်းတွေလို
ငါတို့
ဘာကိုမှ မလန့်ကြဘူး…
ငါ ဆိုပြီး ခေါင်းထောင်တယ်
ငါ့ဟာဆိုပြီး ခေါင်းမာတယ်
ငါလုပ်တယ်ဆိုပြီး မဏ္ဌပ်တိုင်တက်တယ်
သက္ကာယလို့မသိ
အနတ္တလို့မမြင်..
သညာဝိပလ္လာသ
စိတ္တ၀ိပလ္လာသ
ဒိဋ္ဌိဝိပလ္လာသဆိုတဲ့
ဝိပလ္လာသအမှောင်တွေဖုံးလို့…
အနိစ္စကို နိစ္စထင်
ဒုက္ခကို သုခထင်
အသုဘကို သုဘထင်
အနတ္တကို အတ္တထင်…
အထင်မှားတွေ
အမြင်မှားတွေ
အမှတ်မှားတွေနဲ့
ငါတို့တစ်တွေလေ…
အခါခါ
မွေးလို့ကောင်းကြတုန်း
အခါခါ
အိုလို့ကောင်းကြတုန်း
အခါခါ
နာလို့ကောင်းကြတုန်း
အခါခါ
သေလို့ကောင်းကြတုန်း၊၊ ၊၊
Comment #1
အရမ်းကိုနှစ်သက်မိပါသည်။
တလေးတစားနှင့်ခံစားသွားပါသည်။