Professional Authors

ပုလင်းလွတ်ကောက်ရတဲ့ ရုပ်သေးရုပ်

ပုလင်းလွတ်ကောက်ရတဲ့ ရုပ်သေးရုပ်

 

ထမင်းသိုး ဟင်းသိုးလို့ ငါ့ကို မသတ်မှတ်လိုက်ပါနဲ့ လွယ်အိတ်ကြီးရယ် …
လက်ထဲမှာ သားရေပင်လေး ၅ ကွင်း စွပ်ထားရုံနဲ့ ဒီဝိုင်းမှာ သူရဲကောင်း မဖြစ်မှန်း ငါ သိပါတယ်
စီးထားတဲ့ ဆင်ကြယ်ဖိနပ် အနီလေး သဲကြိုးကို တွယ်ချိတ်လေးနဲ့ သေချာချိတ်တယ်
မြေကြီးကို လက်ဖဝါးနှစ်ဖက်နဲ့ ခပ်ကြမ်းကြမ်းပွတ်ပြီး ဖုန်ပြန်ခါ … အသင့်ပြင် လိုက်တယ်
ငါ … ဝေးဝေး မပြေးချင်ပါဘူး သံသရာနဲ့ မီးဝင်မီးထွက်သာသာလေး ကျောရရုံပါပဲ

 

အိပ်မက်မုဆိုးက ဆွဲချွတ်လိုက်တဲ့ လူအရေခွံလေးက ဧည့်ခန်းမှာ

တဖျစ်ဖျစ်တောက်လောင်နေတဲ့ မီးလင်းဖိုလေးထဲ ထမင်းထုတ်တွေ ပစ်ပစ် ထည့်ရင်း

ကွမ်းတစ်ယာညက်မှာ အမေ့အိမ်ပြန်ဖို့ ခြေထောက်တွေ သွေးနေမိတယ်

လောကဒဏ်ကို လန်ကဒေါ လို့လည်း ပျက်ရယ် မပြုဝံ့ပါဘူး နွေ

နွားပွဲတလျှောက် ဒုန်းစိုင်းပြေးနေတဲ့ ဈေးသည်လေး ပန်းမဝင်သေးဘူး

 

ထီးမွေနန်းမွေဆက်ခံကြတဲ့ ဆုပေးပွဲစင်မြင့်တွေ ကျိုးကြေအက်ကွဲပါစေ

လှည့်လည်ဝေမိတဲ့ ပိုက်ဆံအိတ် လှလှလေးကြောင့် မျက်နှာကို ရေခဲကပ်ထားရ

ကိုယ့်ယုံကြည်မှုဟာ ကိုယ့်ဦးနှောက်ထဲမှာ မသေတဲ့မြစ်

တောဘုရင်ဖြစ်ဖို့ ကျားဟာ နောက်တောတစ်ခုကို ပြောင်းရွှေ့လာပြီ

ခြေဖဝါးတွေအောက်က မြေလွှာပင်လယ်ကြီးဟာ ငြိမ်ငြိမ်ဝပ်ဝပ် ခစားတယ်

 

ကြယ်တွေစုံပြီဆိုရင် အဲဒီသီချင်းကို မင်း ပိတ်လိုက်တော့

ဘောလုံးတစ်လုံးလို လေတင်းတင်းဖြည့်ပြီး မာနကြီးနေလိုက်တာပေါ့

ဖနောင့်နဲ့ပေါက်ရင်တောင် မြောက်တက်သွားမယ်ဆိုတာ ခင်ဗျား သိထားစမ်းပါ

မြို့ပြယဉ်ကျေးမှုကြားထဲ စက်ဘီးတစ်စီး ခြင်းတစ်လုံးနဲ့ ကိုယ့်ကိုကိုယ် ဆွဲတင်တယ်

ထွက်ခွာခဲ့ချိန်က မျက်လုံးတွေဟာ ပုဝါကူဖို့ ရေရှုဖို့ မေ့လျော့စေခဲ့

 

ရုန်းခဲ့ရတဲ့ နာရီကြိုးလေး မပျက်ဖို့ကို အဖေက ညှိပေးတယ်

ယပ်တောင်တစ်ခပ်ရဲ့ မေတ္တာဓါတ်က စာအုပ်ထဲထိ နွေးတယ်

ယိမ်းနွဲ့နွဲ့ပင်စည်လေး အားကောင်းမောင်းသန် ခိုင်မာလာတယ်

လေယူရာ ယိမ်းဖို့ မကြိုးစားဘူး တိမ်းတဲ့ဘက် လေမကျရင် တော်ပြီ

ဘေးမှာ တသီတသန်း ကြယ်လေးတွေ မြင်ရရင် အမေ အမောပြေပါစေ

 

ကျောခိုင်းပြီးမှ ဝေ့ဝဲကျလာတဲ့ သစ်ရွက်လေးတွေ ကျွန်တော် မမေ့ပါဘူး ဖေဖေ

ရထားဥသြသံကြားတိုင်း မျက်ရည်နဲ့ ချုပ်ခဲ့တဲ့ ပုဆိုးစုတ်လေး စာရေးတတ်နေပြီ

၅ နှစ် ၅ မိုးဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်

လက်သည်းတွေ ရှည်ရှည်လာတိုင်း ကဗျာထထရွတ်တတ်

ဗာနော့ဗ်လိရဲ့ သီအိုရီအရ အိပ်နေရင်းတောင် နယူတန်ကို ကျွန်တော်တွေ့တယ်

 

မိသားစုဆိုတာ ကျွန်တော် တစ်ခါပဲ စာလုံးပေါင်းဖူးတဲ့ ဒိုင်ယာရီ

တယ်လီဖုန်းထဲက လေသံတွေနဲ့ပဲ မျက်နှာသစ်ရတာ ကြာတော့

ဒီလောကကြီးမှာ ကျွန်တော်ဟာ အနွေးထွေးဆုံးနဲ့ သွေးအေးခဲ့ရတယ်

မျက်လုံးစိမ်းတွေရဲ့ ခွန်းကြီးခွန်းငယ်ကြား အစွယ်ငုပ်ငုပ် ဒူးတုပ်ရိုကျိုးဖူးတယ်

ဓါးထစ်ရာ ဗရပွနဲ့ အဲဒီ လှေနံရံတွေထက် ပါးကွက်လှလှ ချယ်ပေးဖူးတယ်

အရင်းမစိုက်ရဘူးလို့ ဘယ်သူတွေ ပြောနေကြတာလဲ ??????

 

နည်းနည်းလောက် ပေးချစ်ပါလားဗျာ

ရုပ်သေးရုပ်လေးရဲ့ ရင်ခုန်သံဟာ ဗရမ်းဗတာ နိုင်လွန်းလို့

သူ့အသည်းနှလုံးသူ ငုံ့ငုံ့ကြည့်ရင်း ဝိဉာဉ်တစ်ကောင်လို နိုးထ

သူငယ်တန်းဖတ်စာအုပ်ကို ဟိုလှန်ဒီလှန် ဖတ်ရင်း

တဖြည်းဖြည်း အရောင်မွဲတေမှုကို တွန်းလှန်ဖယ်ဖျက်

မနက်ဖြန် အိပ်ရာခင်းလဲဖို့ ကော်လံလေးပဲ ဖြုတ်ထားလိုက်တော့တယ်

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: May 16, 2013
Comment #1

အားပေးသွားပါသည်

commentinfo By: ei lay at May 16, 2013
Comment #2

ဟုတ်ကဲ့ ကျေးဇူးတင်ပါသည်။ =)

commentinfo By: ChIr0N at May 16, 2013
Comment #3

အားပေးလျက်ပါခင်ဗျ..ကျွန်တော် ကဗျာတစ်ပုဒ် အစီရင်ခံထားတယ်နော် ဦးချီ

commentinfo By: 13th at May 16, 2013
Comment #4

တစ်ပုဒ်လုံးအရမ်းကောင်းတယ်….
အားပေးသွားပါတယ်နော်

commentinfo By: နွေ at May 16, 2013
Comment #5

မောင်နိုးဆက်ရေ ဇွတ်ပါလား .. နွေကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျ အားပေးသွားတဲ့အတွက်။

commentinfo By: ChIr0N at May 16, 2013
Comment #6

ကိုချီရေ ထပ်ဖတ်လိုက်တယ်
ဘယ်အချိန်ပြန်ဖတ်ဖတ် အရမ်းသဘောကျတယ်ရှင့်

commentinfo By: မေပျို at May 17, 2013
Comment #7

အေး သဘောကျရမှာပေါ့ မေပျိုရယ် ငါက နင့်ဆရာပဲဟာ။ 😛

commentinfo By: ChIr0N at May 17, 2013
Comment #8

သူငယ်တန်းစာအုပ်တော့မဖတ်ပါနဲ့ဗျာ 😛

အားပေးသွားတယ်နော်

commentinfo By: မောင်ဖာ at May 31, 2013
Comment #9

အေးပါ ယောက်ဖလေးရယ် ကျေးဇူးတင်ပါတယ်။

commentinfo By: ChIr0N at May 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment