စွတ်ဖျန်း “မိုး”
ဝေးသွားရတော့မယ့်နေ့ရက်တွေအတွက်
ကြိုတင်ပြင်ဆင်မှုတွေလားလို့ ငါမေးတဲ့အခါ
တိုးတိုးဖွဖွလေး နင့်ရယ်သံကို ကြားရလိမ့်မယ် ..။
ခေါ်ဆိုမှုတွေ ဆိတ်သုန်းသွားတဲ့အခါ
အထီးကျန်ဆန်နေတဲ့ ဖုန်းလေးတစ်လုံးကို
ချော့မြူနှစ်သိမ့် သူမမေ့ပါဘူးလေ … ။
(ဒီစကားနဲ့တင် ငါ့ကိုယ်ငါဖြေသိမ့်နေရ)
ဒီလိုနဲ့ပဲ …..
ညဟာ ခြောက်သွေ့လာခဲ့တယ် …။
သတိရတယ် …. သတိရတယ် … သတိရတယ် ဆိုတဲ့စိတ်က
ရွာခါနီး မည်းတက်လာတဲ့ မိုးသားတွေလို
ကိုယ့်ကိုကိုယ်ပြန် သတ် တယ် … ။
( မျက်ရည်လွယ်တာ သူမကြိုက်ဘူးလေ )
အထီးကျန်နေတဲ့ စိတ်တွေက
သောက်လက်စ စီးကရက်နားမှာ
လူးလွန့်ရင်း
တစ်ဘဝစာဆုံးရှံးပြီးတဲ့နောက်
နောက်တစ်ဘဝစာ ပြန်လည်ဆုံးရှံးနိုင်ပါ့မလား … ။
ဓာတ်ပုံလေးကတော့ ပြောရှာတယ်
“သိပ်နာကျင်နေသလားကွယ်” တဲ့
နင်မရှိတဲ့နောက် နင်သိတယ်
နင်မြင်နေရတဲ့ ငါ့တနေ့သာတွေအတွက်
အစွဲလမ်းကြီးတဲ့ကောင်လို့
ဟားတိုက်နေမှာလား ….. ။
ငါ့အခန်းကျဉ်းလေးမှာ
အပြင်းစား သတိရခြင်းတွေ
အဆိပ်တက်အိမ်မက်တွေနဲ့
လွမ်းဆွတ်တမ်းတရင်း
ထိခိုက် ရှနာ ကွဲအက် ကြေမွမှုတွေနဲ့
ငါ့ကိုယ်ငါပိတ်လှောင်ထားတယ် … ။
မင်းကိုယ်တိုင်ပြင်ဆင်ရေးဆွဲမယ့်
မင်းဘ၀ ပန်းချီကားအသစ်မှာ
ငါ့အသွေးအသားကို ခံဆေးအဖြစ် အသုံးပြုပါ
မင်းအလှအပတွေနဲ့ ဖြည့်စွက်ခြယ်သပါ
ငါ့နာကျင်ခြင်းကို ဘောင်ခတ်ပါ ။
မင်းခေါ်ဆိုမှုတွေနဲ့ဝေးရာ
ငါ့တစ်နေ့သာကို
“မင်းပျော်ရွှင်မှုတွေနဲ့လဲယူလိုက်ပါရစေ” တော့
………………………………………………
…………………………………
…………………….. ………………………
” မိုး” ရယ်
နာကျင်မှုတွေနဲ့ အန်ကျလာတဲ့
ဒီစာသားတွေအတွက်တော့
ဒီနေရာမှာတင် ပုဒ်မချလိုက်တယ် …. ။
မာန်ခက်ဝင့် ( ၁၈ . ၅ . ၂၀၁၃ )
* စာလုံးအမဲနဲ့တစ်ပိုဒ်သည် ဆရာသုမင်းညို၏ စာသားအား သုံးစွဲထားပါသည်*
Comment #2
နှလုံးသားဖြင့်ခံစားသွားပါသည်။
Comment #3
အားပေးသွားတယ်ရှင့်
Comment #5
သိပ်တော့မကြိုက် သို့ သော် အားပေးနေပါတယ်ခင်ည..
Comment #6
အားပေးသွားတဲ့ အစ်ကိုအမအားလုံး ကျေးဇူးတင်ပါတယ်ဗျာ …. 🙂
Comment #1
အားပေးသွားပါတယ် ကိုမာန်ခက်ဝင့်