စွန့်ခွာသွားတဲ့ ယာစကာ
စကားလုံးတွေ တနင့်တပိုးနဲ့
အိပ်မက်တွေထဲက ရုန်းမထွက်နိုင်တဲ့ လူတယောက်
နှလုံးသား ခံစားချက်အစစ်တွေကို ယာစကာလို လိုက်တောင်းခံရင်းနဲ့
အော်ဟစ်ငိုကြွေး
သူ လူ့ဘ၀ရဲ့ အခြေအနေမှန်ကို တွေ့သွားခဲ့တယ်…….
ရွှေရည်စိမ် အသည်းတွေရယ်
စိန်စီထားတဲ့ အတွေးတွေရယ်
ပလက်တီနမ် ကွပ်ထားတဲ့ အိပ်မက်တွေရယ်……..
သူ့ရင်ထဲမှာ မောဟိုက်သွားတဲ့ အသက်ရှုသံ
မျှော်လင့်ချက်မဲ့သွားတဲ့ အိပ်မက်
ရွံ့ရှာမှု စိတ်ကုန်မှု စိတ်ပျက်မှု အပြည့်နဲ့သူပြောတယ်
သူခရီးတခု ထွက်တော့မယ်တဲ့………….
ဝေးလွန်းလှတဲ့ အတွက် သူ့ကိုယ်သူတောင်
ဘယ်ထိသွားမယ်ဆိုတာ မပြောတတ်တော့ဘူး
ဘယ်တော့ ရောက်မလဲဆိုတာလည်း သူမပြောတတ်ခဲ့ဘူး………..
သေချာတယ်
အဲဒီနေရာ
မင်းတို့လို စိန်စီသံတွေကို မက်မောတဲ့သူတွေ မရှိဘူး
ခံစားချက်တွေကို ချိန်ခွင်စက်မှာတင်ပြီး ရောင်းတဲ့သူမရှိဘူး
ဝိသမ လောဘမရှိဘူး……..
ရှာမတွေ့နိုင်ဘူးဆိုတဲ့ စကားတွေအစား
သူကတော့ ယုံကြည်ချက်တွေနဲ့ အဲဒီ ခရီးကို ဆက်သွားတယ်
တနေ့နေ့တော့
ဒီခရီးငါရောက်လိမ့်မယ်လေ…………..
လူမော်
( ဇွန် ၁၀၊ သန်းခေါင် ည ၁၂ တိတိ)