ကျောင်းသား-၂-ရွှေကြယ်မိုး
ကျောင်းသား(၂)
ငါတို့အတွက် ပျော်စရာမရှိတော့ဘူး
ငါတို့အတွက် အင်းလျားကန်ဘောင်ကြီး မရှိတော့ဘူး
ငါတို့အတွက် တက္ကသိုလ် စစ်စစ်တွေ မရှိတော့ဘူး
ငါတို့အတွက် နရံကပ်စာစောင်တွေမရှိတော့ဘူး
ငါတို့အတွက် တစ်ခါက မြင်းခွါသံတွေ မရှိတော့ဘူး
ငါတို့အတွက် သခင်သန်းထွန်းကို ပြန်ရခွင့် မရှိတော့ဘူး
ငါတို့အတွက် ကိုဗဟိန်းကို ပြန်ရှင်သန်ခွင့် မရှိတော့ဘူး
ငါတို့အတွက် ကျောင်းသားသမဂ္ဂအဆောက်အဦကြီး မရှိတော့ဘူး
ငါတို့အတွက် “အမောင်တို့ အဆောက်အဦကိုသာ ဗုံးခွဲလို့ရချင်ရမယ်
အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကိုတော့ ဘယ်သူမှ ဖြိုဖျက်လို့မရဘူး”
ဆိုတဲ့ သခင်ကိုယ်တော်မှိုင်းလည်း မရှိတော့ဘူး
ငါတို့အတွက် တက္ကသိုလ်ဝန်းကျင်တိုင်း တပ်စွဲထားတဲ့ စစ်တပ်တွေကလွဲလို့
ငါတို့အတွက် ငါတို့ကို လိုအပ်ရင်လိုအပ်သလို ချေမှုန်းနိုင်မယ့် တံတားတွေကလွဲလို့
ငါတို့အတွက် ငါတို့ကိုနှိပ်ကွပ်ဖို့ စစ်သင်တန်းတွေတက်ထားတဲ့ ဆရာ\ဆရာမတွေကလွဲလို့
ဘာဆိုဘာမှ မရှိတော့ဘူး…ငါတို့ အတွက် ဘာဆိုဘာမှ မရှိတော့ဘူး
ဖြစ်နိုင်ရင် ငါတို့အတွက်
ကျောင်းဆောင်တိုင်းရဲ့နဖူးစည်းတွေမှာ ဒေါင်းအလံပြန်ထူခွင့်ရချင်တယ်
ဖြစ်နိုင်ရင် ငါတို့အတွက်
ကျောင်းနရံတိုင်းမှာ ဒေါင်းအလံပြန်စိုက်ခွင့်ရချင်တယ်
ဖြစ်နိုင်ရင် ငါတို့အတွက်
အင်းလျားရိုးတန်းတစ်လျှောက် ဒေါင်းအလံပြန်ထောင်ခွင့်ရချင်တယ်
ဒီအချိန်ဆို တကျော့ပြန် ရာဇ၀င်ကြွေးတွေဆပ်ဖို့
ရွှေဝါရောင်ခွပ်ဒေါင်းတို့လည်း ကြယ်ဖြူကို လှမ်းခွပ်လို့နေရော့မယ်
ဖြစ်နိုင်ရင် နောက်ထပ်တစ်ခုပဲ တောင်းဆိုပါရစေ
ဖြစ်နိုင်ရင် ငါတို့နောက်က ငါတို့မျိုးဆက်တွေကို စစ်တပ်တွေနဲ့ဝေးတဲ့
တက္ကသိုလ်တွေမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့်ပေးလိုက်ပါ
သူတို့ရဲ့ အလံတော်ကို သူတို့ပျော်ရွှင်စွာ လွှင့်ထူနိုင်ကြပါစေသတည်း။ ။
ရွှေ ကြယ် မိုး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service