Professional Authors

ရွှေအိုရောင်ဖြင့် ထုံမွှမ်းသော

 

ရီမောခဲ့ရသော…..

ဘယ်မှာလဲ ရွှေရောင်လွှမ်းခဲ့တဲ့နေ့တွေ

လက်ချိုးရေတွက်ကြည့်လိုက်စမ်း

နှုတ်ခမ်းကို တချက်ဖိကိုက်

သွေးတစက်စက်နဲ့ ရေးထားတဲ့ ဒိုင်ယာရီစာမျက်နှာမှာ

နေရိပ်အလာကို အိုဇုန်းလွှာကများ စောင့်ခဲ့မိသလား……။

 

နွမ်းဖတ်နေတဲ့ 50 တန်တရွက်နဲ့

ဝေးလွင့်ခဲ့တဲ့ မိုင်တိုင်တွေနဲ့

ကြမ်းရှရှ ဆံနွယ်တွေနဲ့

အရိုးပြိုင်းပြိုင်း လက်တစုံနဲ့

ဘ၀ကို လဲဖို့ကြိုးစားကြည့်ဖူးခဲ့တဲ့ ရက်စွဲတွေ…….။

 

ဒုက္ခကို ဒုက္ခလို့မငြီးဝံ့

ဈေးဗန်းအောက်က ၁၀တန်အနွမ်းလေးတွေရယ်

စက်ဘီးအို တစင်းရယ်

ဆံလက်တဆစ်စာ ငွေကြေးဖောင်းပွမှုရယ်

ဒီကဗျာကို ဘောင်ချာဖြတ်ဖို့ ကြိုးစားကြည့်မိလိုက်တယ်…။

 

အသံတချက်မှ မထွက်လိုက်နိုင်ဘူး

လောကဓံနောက်ကို အမှီလိုက်နေရလို့

ခေါင်းမော့ကြည့်ခွင့် မရလိုက်ဘူး

ခွေးဝဲစားတကောင်နဲ့ အမဲရိုး လုနေရလို့

မြစ်တစင်းလို ကွေ့ကောက်ခွင့်မရလိုက်ဘူး

ကျောက်တောင်တခုအောက် ပိတ်မိနေလို့….။

 

ဒါတောင် စနေထောင့်မှာ မိုးသည်းနေလို့တဲ့

ထီးတကိုင်းကျိုးတာ ထိုင်ငိုနေတတ်သေးတယ်

ဟုတ်တယ်

ခေါင်းပေါ် ရွာချတဲ့ မိုးကို အံတုဖို့မပြောနဲ့

အော်နေတဲ့ ကိုယ့်အောက်က ဖားကိုတောင်

ကိုယ်တိုင်ရိုက်ခွင့် မရှိတဲ့အဖြစ်…

ဟုတ်တယ်

ဘယ်လေမုန်တိုင်း ဘယ်ငလျင်မှ မတိုက်ပဲ

လူ့အဖြစ်ရတယ် ဆိုရုံမျှ

ပြေးနေရတဲ့ ဟောဒီခြေဖ၀ါးတွေကို မုန်းတယ်….

ဟုတ်တယ်

ကမ္ဘာဦးမိုးများ ရွာရင်လေ

ကျုပ်အိမ်နောက်ဖေးက အဖီလေး

ထန်းလက်ကာရဦးမယ်…..။

In: ကဗျာ Posted By: Date: Jun 12, 2013
Comment #1

ကောင်းတယ်ဗျ ကြိုက်တယ်

commentinfo By: neutralluyie at Jun 16, 2013
Comment #2

ကဗျာတိုင်းလိုလို အကုန်မိုက်တယ် နှစ်သက်အားပေးသွားပါတယ်

commentinfo By: poem.poem28 at Jun 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment