အချစ်မရှိ
ငါပြန်လည် မဆုတ်ဖြဲဖြစ်ခဲ့တဲ့ ပြက္ကဒိန်တွေ အထပ်ထပ်
ချေးညှော်ကပ်နေတဲ့ နှလုံးသားဟောင်းတစုံနဲ့
အလွမ်းတ၀က်စာရာသီတွေ တပတ်လည်ခဲ့ပြန်ပေါ့….။
နင်ပြောဖူးသလို
ငါ့ကဗျာတွေမှာ အားမပါတော့ဘူး
(အားပါပါလှော်ခတ်ဖို့ ရထားထိန်းမှ မရှိတော့ပဲ…)
နုရွလွန်းသတဲ့ ငါ့ကဗျာတွေက
(ငါ့နှလုံးသားနုနုကို နင်ရွက်လွင့်တိုက်စားခဲ့တာ
အိမ်ယာမဲ့ကမ်းခြေမှာ ငါတယောက်တည်း…..)
ဒါနဲ့များတောင်
နှလုံးသားမရှိတဲ့ မိန်းမတဲ့
သိပ်အတ္တကြီးတဲ့ မိန်းမတဲ့
နင်ပဲ စွပ်စွဲ အယူခံဝင်
နင်ပဲ တသက်တကျွန်း အလွမ်းသက်စံခိုင်းခဲ့တာလေ….။
တ၀ုန်းဝုန်းတိုက်ခတ်နေတဲ့ ဒီမိုးသက်မုန်တိုင်းတွေကြား
တောင်ယိမ်းမြောက်ယိမ်းနဲ့ နင်ရှိတဲ့ အရပ်ကနေ တဖြည်းဖြည်းဝေးလွင့်သွားခဲ့တာ
သံသရာတောင် ရှည်ကြာလှပေါ့…
ငါ့မိုးသည်းညထဲက ကြယ်လေးရေ….
ငါပျိုးထားတဲ့ စကားပင်တောင် အရွက်တွေ ဖားဖားကျပေါ့
အပွင့်တွေ ဝေစေချင်လို့ ရေလောင်ပေါင်းသင်ပြန်တော့(လက်ဆိပ်တက်တယ်ထင်ပါရဲ့)
…………..
အခု နင့်အချစ်ကို ငါ ရေလောင်ပေါင်းသင်ဖို့ မကြိုးစားဖြစ်တော့ဘူး
ငါနဲ့ဝေးလွင့်ရာကိုသာ ပျံသန်းပါတော့ ငှက်ကလေးရေ….
တနေ့တော့ နားခိုရာ နေရာမှန်တခုကို
မင်းရှာဖွေတွေ့ရှိမှာပါ
မင်းရောက်တဲ့ နေရာတိုင်း….ကြယ်တွေမကြွေပါစေနဲ့တော့….။