ငါ့ကိုယ်စောင့်နတ် ငါ့ဆီက ထွက်ပြေးတဲ့နေ့
တယောက်တည်းနေတာ အသားမကျလို့
တပိုင်းကို ဖြတ်ထုတ်ပစ်လိုက်တယ်
ခုနှစ်ထွေအကနဲ့ ကြိုးရှုပ်ရှုပ် ရုပ်သေးစင်ပေါ်မှာ
လဲသွားလိုက် ပြန်ထလိုက်
လူအဖြစ်ကို ရတယ်ဆိုတာကိုက
လိပ်ကန်းက ထန်းပိုးကို စွပ်မိတာ
လူ့ပြည်က အပ်တစင်းနဲ့ ဗြဟ္မာပြည်က အပ်တစင်း ထိပ်တိုက်တွေ့တာ
ကောင်းကင်နိုင်ငံတော်က မီးစိမ်းပြတာ
ကြိုက်သလို အဓိပ္ပာယ်ဖွင့်ဆိုခွင့်ရှိတယ်
ဒါ ကံတရားပဲ ……..။
ထုပ်တန်းပေါ်က ကြိုးကွင်းမှာ
စင်ပေါ်က Cyanide ပုလင်းမှာ
လက်ကောက်ဝတ်သွေးပြန်ကြောမှာ
လောင်မြိုက်ခါးသက်တဲ့ လျှာဖျားမှာ
လူ့ဘ၀ဖြစ်တည်မှုကို လိုက်ရှာတယ်………။
မတွေ့ဘူး…
မေတ္တာတရား
ခွင့်လွတ်ခြင်း
ကိုယ်ချင်းစာစိတ်
လေးပါးလုံး ကမ်းပျောက်နေခဲ့တာ ကြာပေါ့….။
အနီးအနားမှာ ရှာတယ်
အဝေးမှာ ရှာတယ်
ကိုယ့်ကိုယ်ကို ပြန်ရှာတယ်
လွတ်မြောက်ခြင်းအစစ်ကို တွေ့ဖို့
ငါကိုယ်တိုင် ပိုက်စိပ်တိုက်ရှာတယ်…..။(အဘိဓာန်ထဲ ဆက်လက်ရှာဖွေရန်)
တခါတခါ ခေါင်းပြူထွက်လာတဲ့
ငါ့ခန္ဓာထဲက မကောင်းဆိုးဝါးကို
နှင်ထုတ်ဖို့ ကိုယ်စောင့်နတ်တောင် လက်တွန့်တဲ့ ရက်တွေ ရှိတယ်
တောက်တချက်ခေါက်ရုံနဲ့ လန့်ပြေးမသွားတဲ့ ဒုက္ခတွေက တပွေ့တပိုက်
မနက်မျက်နှာသစ်တဲ့ခွက်တောင် ရေဆေးပစ်ဖို့ လိုနေပြီ….။
လိမ်းချယ်ပြီးမှ ပွဲလယ်တင့်နိုင်မဲ့ကမ္ဘာ
ခြင်္သေ့နဲ့ဆင်တိုက်ပွဲမှာ
ကြားထဲက မြေဇာပင်တွေ ပိပြားမနေစေဖို့
တနာရီ မိုင်120နှုန်းနဲ့ လေပြည်လမ်းကြောင်းတခု မျှော်မိတဲ့ ညနေ……။