ဝေး
ငါတို့ဘ၀ကို အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်းက မတူဘူး
ခပ်နက်နက်စကားတွေပြော
ငါတို့ ရခဲ့တဲ့ ၁၄ ရက်စာ အခွင့်အရေးအကြောင်း
တိုးတိုးသက်သာ ညည်းညူခဲ့ကြဖူးတယ်….။
ငါတို့ စိတ်ကူးတရ ရေးဖြစ်ခဲ့တဲ့ ကဗျာတွေကစလို့
လွင့်ပစ်ခဲ့ရတဲ့ တော်ဝင်စကားလုံးတွေ အကြောင်းလည်း ပါတယ်
နင်ပြောပြတဲ့ post post modern တွေ
ငါရွက်ပြဖူးတဲ့ သစ္စာနီရဲ့ စာသားတွေ
ငါတို့ရဲ့ ၈ ရက်တပတ် စကားဝိုင်းဟာ
အတိတ်ကောက်ကြောင်းကို တူးဖော်တယ်
အနာဂတ်တိုင်းပြည်ကို တည်ဆောက်တယ်
ပစ္စုပ္ပန်ချစ်ခြင်းတရားကို ဖွဲ့သီတယ်
နင်ဖန်ဆင်းပေးမဲ့ နိဗ္ဗာန်ဘုံလေးအကြောင်း….
ငါမတည်ဆောက်ဖြစ်တဲ့ စည်းရိုးမဲ့ မြို့တော်အကြောင်း….
လေထုက စုပ်ယူလိုက်တဲ့ အောက်စီဂျင်အကြောင်း…..
ပြန်လည်စွန့်ပစ်လိုက်တဲ့ အမုန်းတရားတွေအကြောင်း….
Language Poetry ဆိုတာ ဘာ ညာ
နင်ကလည်း ဘုရားဆုပန် လူသားတွေအကြောင်း
ငါကလည်း မာသာထရီဇာအကြောင်း
ဘယ်လောက်ပဲ ရေးခြယ်ခဲ့ ရေးခြယ်ခဲ့
အဖြူရောင်ကောက်ကြောင်းတွေဆိုတော့လည်း
အခုချိန်ပြန်တမ်းတရင် ဘယ်ကောက်ကြောင်းကို
တို့နှစ်ယောက်အတူဆွဲခဲ့ကြသလဲ ပြန်မှတ်မိဖို့ ခဲယဉ်းတယ်….။
နင်က ငါ့ပါးပေါ်က စံပင်တင်မှဲ့လေးဖြစ်ချင်တယ်
ငါက နင်မြတ်နိုးတဲ့ ကဗျာရဲ့ တစိတ်တဒေသဖြစ်ချင်တယ်
ဟုတ်တယ်…တို့တွေ ရိုးသားစွာ ရူးသွပ်ခဲ့ကြဖူးတယ်….။
နေရပ်ကိုပြန်သွားတဲ့ ကုလားအုတ်တကောင်ရယ်
ရွက်ဖျင်တဲက ထွက်ပြေးခဲ့ရတဲ့ လူတယောက်ရယ်
ခိုလှုံခဲ့တဲ့ လရောင်ကတော့ အတူတူပဲ
ကမ္ဘာတခြမ်းစီ ဝေးနေကြတာပဲ ရှိတယ်….။
ငါက
ငါ့တနေ့စာ အလင်းနဲ့ နင့်ကို တောက်ပစေချင်တယ်
နင်က
နင့်တညတာအလင်းကို ဟိုးအဝေး တိမ်တိုက်တွေဆီ ပို့လွှတ်ချင်တယ်….
အဝေး….အဝေး…(ပြောပြစရာ မရှိလောက်အောင် ဝေးတယ်)
ဒီဂြိဟ်ကြီး တပတ်ပြန်လည်လာရင်တောင်မှ
ဟိုးအစွန်းတဖက်က နင်ရယ်
တွယ်မိတွယ်ရာ ဆွဲကိုင်ထားတဲ့ ငါရယ်
ရေခဲမြစ်တွေ အရည်မပျော်ဖို့….
အေးစက်တဲ့တောင်တန်းတွေ ဆက်လက်လှိုက်ဟီးနိုင်စေဖို့….
ပင်လယ်ရေတွေ ခမ်းခြောက်မသွားစေဖို့…
ကမ္ဘာကြီးပူနွေးမလာစေဖို့…
(နင်နဲ့ငါ)
ဟိုးတခြမ်းဆီမှာ ကိုယ်စီကိုယ်ငှ ရပ်တည်ကြရအောင်….။