ဇီဇ၀ါဝင်္ကပါ
ငါ့ရဲ့ကွေးကောက်တဲ့ ဆံပင်တွေကြားမှာ
မနေ့တနေ့က ပျက်ကျလာတဲ့ လေယာဉ်ပျံကို ၀ှက်ထားတယ်
ငါ နည်းနည်းချင်း စားသုံးနေတဲ့ စက္ကန့်တွေထဲမှာ
ပြောလို့မကုန်နိုင်တဲ့ မွန်းကြပ်မှုကိန်းဂဏန်းတွေ ပြေးလွှားနေကြတယ်
အသိတရားမျက်ဝန်းထဲမှာ ရပ်နေတဲ့ အရှုံးကျောက်စာတွေဟာ
လျှောက်လာသမျှ အနက်ရောင်မြို့များဆီက ကပ်ပါးပိုးတွေပဲ
လောကနီတိထဲက ဆံပင်အနီရောင်နဲ့ မိန်းမ
တချိန်က ငါ့မိန်းမဖြစ်ခဲ့ရင် ငါ့နာမည်ပြောင်းဖို့
ဘယ်နတ်ဘုရားဆီမှ ခွင့်တောင်းမနေဘူး
ဒီလိုထွက်သွားတိုင်းသာ နှင်းဖြူတွေနဲ့ စိုထိုင်းဆမများဘူးဆိုရင်
ငါ့အလုပ်ငါလုပ်ပြီး နံရိုးနောက်က ထိုးထိုးဟောင်နေတဲံ
သန္ဓေယုတ်ကို အစာကြွေးနေရဦးမယ်
ယင်နားစာ မနက်ဦးဆီက
ဦးခေါင်းပျောက်လို့ ရှာနေတဲ့ ကတ်ကြေးတွေ
နှလုံးရောဂါနဲ့ ဖခင်အိုကြီးကို အသံတိတ်လုပ်ကြံခဲ့တဲ့ သမီးက
ငါ့အရွက်ခြောက်များကြားမှာ တအုံတနွေးနွေး
ဆေးကြွေးမှားတဲ့ အရိပ်လက္ခဏာနဲ့
ငါ့အိတ်ကပ်တွေက ကားခပြန်တောင်းတိုင်း
အလွမ်းတွေ ပြည့်လျှံလောင်မြိုက်ဖူးတယ်
ဖုန်ထလို့ ရေဖြန်းလိုက်တဲ့ မျက်နှာ
ငါ့ကဗျာထဲက ကမ်းနဖူးပေါ်မှာ သိုက်တူးတဲ့ ကျီးတအုပ်ကို
ချုပ်မရတဲ့ ငါ့ရင်ဘတ်ပျိုက နှလုံးသားတွေ လက်ဆောင်ပေးနေပါတယ်
မနေ့က သိမ်းထားတဲ့ ငါ့မြို့စုဗူးလေး ကျန်းမာရေးမကောင်းလို့
သူ့ကိုယ်သူ ပြန်ကုဖို့ သူ့ကိုယ်သူ ရိုက်ရိုက်ခွဲနေလိုက်တာ
သူမလိုချင်တဲ့ အောင်မြင်မှုအတုတွေပဲ ထွက်ကျလာလို့
အောင်မြင်မှုငတ်နေတဲ့ သူ့မြို့ပျိုမလေးကို ခေါ်ပေးချင်နေလိုက်တာ
ဘယ်လို…..ဘယ်ပုံ……ဘယ်အသံမှ မကြား……………..
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်သစ်နဲ့
မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ
ငါတော့ မော့ကြည့်ဖို့ မျက်လုံးနဲ့ ဦးခေါင်းကို ဇလုံထဲမှာ
မွှေနှောက် အနာဂတ် ခြောက်အိပ်မက်နဲ့
လင်းမရဥယျဉ်ထဲမှာ ပန်းဦးတွေ မပွင့်ဖူးတော့တာ ဆန်းသလား
ငါဟာ လူတွေကြားက ပြန်လာပြီး လူညှီစော်ကို နှစ်ခြိုက်စွာ ရှုရှိုက်
ငါပြန်အန်လိုက်တဲ့ အိပ်မက်ဆိုးတွေ ကမ်းပုတ်တဲ့လှိုင်းကို
အတ္တ၀မ်းကွဲသံနဲ့ အကြိမ်ပေါင်းများစွာ နားဆင်နေရတယ်
သံယောဇဉ်အထွေးလိုက်ခွေလိမ်ထားတဲ့ အသိုက်အမြုံကလေးဟာ အိမ်ဖြစ်ခဲ့ရင်
ငါ့ခေတ်ငါ့အခါမှာ တမျှင်ချင်းစီရှင်းသွားတဲ့ ကြိုးတွေက
ငါတော်လို့လား……..ငါညံ့လို့လား………….
အမေက မီးဖိုချောင်ထဲမှာ သူထမ်းထားတဲ့ နေလုံးကို လွှတ်ချပြီး
အိမ်ရှေ့ဧည့်ခန်းထဲမှာ သကြားမပါတဲ့ မေ့ဆေးခါးကြီးတခွက်ကို သောက်နေတယ်
အဖေက ကျည်ဆံကုန်နေတဲ့ ငါ့ကို လက်ဆွဲပြီး ဂျူးတွေနဲ့ တန်းစီခိုင်းထားတယ်
ဟစ်တလာရဲ့ လက်ဖြောင့်အဆိပ်ငွေ့တွေက ပြန်နေကျ ငါ့လမ်းကလေးပေါ်က
ရေမှုန်နဲ့ ဖုန်မှုန်တွေရောထားတဲ့ ရနံ့ငွေ့တွေဖြစ်တယ်
အချင်းချင်းပြန်စားကြတဲ့ ပွဲမှာ လတ်လတ်ဆတ်ဆတ်ရယ်သံတွေ မှောင်လာတယ်
အားလုံးပြီးသွားပါပြီ အမှန်တော့ အားလုံးအစကို ပြန်ရောက်သွားတာ
၁။နငသိနြစူးလယနုယိုးါတိမ
၂။နခသနျုအသစထူုသစ
၃။ခစအငြနတးဖအသဟဟသနဖုနြနမန
အဖြေရှာတဲ့လူတွေ သေကုန်ပြီ
အမေးတွေနဲ့ကြိုးတင်းနေတဲ့ ရပ်ဝန်းမှာ
ကလေးတွေကို ခေါ်မလာနဲ့ အားလုံးကို မီးရှို့ချလိုက်
ငါ့တို့အမှားပေါ်က အဖြူစက်ကလေးကို လောင်မြိုက်ချလိုက်
ကျမ်းကျိန်တယ်ဆိုတာ ဖောက်ဖျက်မယ့်လူတွေအတွက်ပဲ လိုအပ်တာပါ
မနေ့တနေ့ကကျွန်ဘ၀နဲ့ ဒီနေ့ မနက်ဖြန်ကျွန်ဘဝ
ငါ့ကလေး ငါပြန်ခိုးနေရတဲ့ဘ၀မှာ
အစိမ်းက ငါ့ကို မျက်ရည်ကျစေတယ်
အစိမ်းက ငါ့ကို မွဲခြောက်စေတယ်
အစိမ်းက ငါ့ကို သေစေတယ်
ဆပ်ပြာပူဖောင်းကလေးရေ ပေါ့ပါးမယ်ဆိုရင်
ဇီဇ၀ါဝင်္ကပါထဲ ငါ့ကို လမ်းကြုံခေါ်သွားစမ်းပါကွာ….။။။။
Nelay
Comment #2
ကျွန်တော် .. နှစ်သက်လွန်းစွာဖြင့် ခံစားဖတ်ရှု သိမ်းဆည်း အားပေးသွားပါတယ်
Comment #1
ငါ့တို့အမှားပေါ်က အဖြူစက်ကလေးကို လောင်မြိုက်ချလိုက်
ကျမ်းကျိန်တယ်ဆိုတာ ဖောက်ဖျက်မယ့်လူတွေအတွက်ပဲ လိုအပ်တာပါ