လက်ဖ၀ါးမှာ အရေးအကြောင်းများလွန်းလို့
ဘယ်လမ်းကို လိုက်ရမယ်
ငါမသိဘူး ။
စဉ်းစားတွေးခေါ်ခြင်းက
ချောက်ကမ်းပါးအစွန်းအဖျားမှာ
ဒီနေ့ကို ဘယ်လိုရောက်လာခဲ့တယ်ဆိုတာ
ထိတ်လန့်အံ့သြစွာနဲ့ ။
အဖြေမရှိတဲ့ရှေ့ဆက်နေဆဲမေးခွန်းက
” ဒီနေ့ ကျနော့်ကို ဘယ်သူယူမလဲ… “
ဖဲငါးချပ်ဘယ်လိုတွဲတွဲ
သုံးဖဲတစ်ဆယ်မပြည့်ဘူး ။
လူ့ဘ၀မှာ
ဘယ်သူ့ရဲ့ခတ်ချက်မမှန်တဲ့ခြင်းလုံးကို
ဘယ်သူက အသည်းအသန် လိုက်ဆယ်ဖူးလို့လဲ
ခန္ဓာကိုယ်ပေါ်က အစက်အပြောက်လေးဟာ
နေရာ ရွှေ့ရွှေ့နေလေရဲ့
မှဲ့ရှင် ။
ရင်ထဲတစ်နှစ်ကုန်သွားတော့လည်း
ဖုန်မှုန့်တွေထဲနောက်ထပ်စာအုပ်တွေ
စာအုပ်တွေထဲနောက်ထပ်ဖုန်မှုန့်တွေ ။
အခုတော့
ဝယ်ပြီးမှ မတီးခတ်ဖြစ်တဲ့ဂစ်တာ
ငါလည်း ရေးပြီးသိမ်းထားရမယ့် ကမ္ဘာ ။
(စိုင်းဝင်းမြင့်)
ရနံ့သစ် – သြဂုတ် ၊၂၀၀၃ ။