ပဲ့တင်သံအကြွေတွေ ပန်ဆင်ထားသော ပင်လယ်လိုမိန်းကလေး
ပြုံးပြဖို့ နှုတ်ခမ်းမှာ သက်တမ်းသိပ်မကျန်တော့ဘူး … မိလွင်
ရုပ်တရားဟာ ရှင်သန်မှုကို
လက်ညှိုးထိုးညွှန်ဖို့ ရုပ်ရှင်လက်မှတ်ဖြတ်ခဲ့တယ်
သေဆုံးပြီးသား သံယောဇဉ်ကို
ပုဒ်မ ၄၂၀ အရ ဝိညာဉ်အကျဉ်းချထားလိုက်ပြီ
အဲ့ဒီ သူမအဖြေပြန်ပေးမယ့် နေ့ကပေါ့
မုသားကိုလှံအဖျားမှာချိတ်ဆွဲပြီး
အနုစိတ်ဆုံးအချောသပ်လို့ ထိုးစိုက်ချလိုက်ပြီ
မက်မက်မောမောခပ်ယူ စုဆောင်းခြင်းဟာ
အိမ်ရှင်ကို အသိမပေးဘဲ အိမ်နောက်က ဝင်လာတယ်
ဘာလို့ငါ့မှာ အစာအိမ်ရောဂါရှိရတာလဲ
ဘာလို့ငါ့ကောင်မလေးမှာ အစာအိမ်ရောဂါရှိရတာလဲ
ဘာလို့ငါ့သူငယ်ချင်းမှာ အစာအိမ်ရောဂါရှိရတာလဲ
ခေတ်ပေါ်အရေပြားအောက်က
ခေတ်သစ်ဗိုင်းရပ်စ်တွေ အလူးလူးအလိမ့်လိမ့်နဲ့
အနာဂတ်ဥယာဉ်မှာ ကြယ်တွေမစုံတော့ဘူး
ဒီကနေ့ မုန်တိုင်းရှိသည် တဲ့
မနှစ်တုန်းက မင်းရေးပေးဖူးတဲ့ ကဗျာလေး
အခု မိုးရေစို မှင်တွေပြန့်စွန်းနေပြီ … မိလွင်
နေသားကျနိုး အိပ်ပျော်နိုးနဲ့
မသိကျိုးကျွံပြုထားတဲ့ အပိုင်းအခြားတွေ
ရုန်းရင်းဆန်ခတ် အပွင့်ပြိုင်လာပြန်ပေါ့
မင်းမျက်တောင်လေးပေါ်
စိတ်ကူးနဲ့ လှမ်းတင်ထားတဲ့ မီးခြစ်ဆံလေး
ရုတ်တရက်မီးထတောက်တော့
ငါ့ပျော်ရွှင်ခြင်းတွေ လန့်ကွဲကုန်တယ်
အိမ်ရှေ့က ဗာဒံပင်ကြီးပြောတော့
ငါ နေမကောင်းဘူးတဲ့
ထန်းလက်ကွပ်ပစ်ကလေးခင်မျာ
အိပ်ခန်းထဲမှာ နေရာမရလို့ ခြံထဲမှာ ငုတ်တုတ်ထိုင်ငိုနေတယ်
မင်းဘဝထဲမှာ နေခွင့်မရှိတော့တဲ့ ငါကရော
ပရိုမီးသီးယပ်စ် နတ်သားရဲ့မျက်ဝန်းမှာ
မေတ္တာတရားကို ငါရှာတွေ့ခဲ့ပြီ … မိလွင်
အေးရိ နတ်ဘုရားကိုတော့ နင်ဘဲ တားပေးပါ
အမုန်းနဲ့ ဖြစ်တဲ့ စစ်ပွဲတွေအတွက်
အဲ့ဒီတစ်ခုခု ဟာ ဘာလဲဆိုတာ
ငါကိုယ်တိုင်ပြန်သိချင်လာတယ်
ဒါဟာ ကဗျာမဟုတ်ဘူးလို့
ဘယ်သူပြောမလဲ … မိလွင်
ဘယ်သူ့ကိုမဆို ငါပြောရဲပါတယ်
ဒါဟာ ကဗျာတစ်ပုဒ်မဟုတ်ဘူးရယ်လို့ပေါ့
အဖြေတိုင်းအတွက် ပုစ္ဆာရှိရမယ်လို့
ထင်နေသူတွေကြားထဲမှာ
ပုစ္ဆာတိုင်းမှာ အဖြေမရှိတဲ့အကြောင်းကို
ငါပြောမပြတော့ပါဘူး
ငါသိတဲ့ သိက္ခာတရားဆိုတာ
ချစ်ခြင်းနဲ့ ထိပ်တိုက်တွေ့တိုင်း
ကွေ့ပတ်ပြီး ရှောင်နေရတဲ့
မျက်နှာမွဲ ခံယူချက်ကလေးပါဘဲ
ရှည်လျားတဲ့အတိတ်တွေဟာ
ခေါ်ဆောင်သူမပါဘဲနဲ့
အနာဂတ်ဆီထိ ထိုးဖောက်ခြောက်လန့်ကြတယ်
အဆိပ်ငွေ့ဖြူရော်ရော်တွေ ယိုစီးလို့ပေါ့ … မိလွင်
ရေခဲရိုက်ထားတဲ့သံယောဇဉ်တွေကြား
စိတ်တူကိုယ်တူဟာ အသက်ရှူကြပ်နေရှာတယ်
မိုးတွေရွာနေပြီ … မိလွင်
ငါအရမ်းလွမ်းတာဘဲ ကောင်မလေးရယ်
ငါ့ရဲ့ မျက်ခွံနှစ်ခုကြားမှာ
မင်းပုံရိပ်တစ်ခုကန့်လန့်ခံထားရုံနဲ့
မျက်လုံးတွေမပိတ်ဘဲ
မအိပ်တဲ့ညတွေသာ တိုးလာခဲ့ပေါ့
တောင်တန်းတွေမပါတဲ့ ပန်းချီကားရယ်
နို့ဆီမပါတဲ့ ကော်ဖီရယ်
တခြားသူမပါတဲ့ နေ့တစ်နေ့ရယ်
ငါ့ကို ဖန်ဆင်းပေးပါလား
အဆင်မပြေမှုဆိုတာလည်း
ဘယ်သူမှမထုဆစ်ဘဲ
အိမ်ဦးခန်းမှာ လာထိုင်နေတဲ့
ဧည့်သည်တစ်ယောက်လိုဘဲဆိုတော့လေ
ကိုယ်ချင်းစာတရားဟာ အလွမ်းကို
ကိုယ့်ရင်ထဲကိုယ်ပြန်ဝှက်တတ်အောင်သင်ပေးခဲ့လို့
ချစ်ခြင်းဟာ ချစ်သူကို ချစ်တယ်လို့ ပြောခွင့်မရှိတော့ဘူး …. ။
ရေခဲ – ကောင်မလေးထွက်သွားပြီးနောက် ၁၇၇ ရက်အကြာ …
Comment #1
မိုးတွေရွာနေပြီ … မိလွင်
ငါအရမ်းလွမ်းတာဘဲ ကောင်မလေးရယ်
ငါ့ရဲ့ မျက်ခွံနှစ်ခုကြားမှာ
မင်းပုံရိပ်တစ်ခုကန့်လန့်ခံထားရုံနဲ့
မျက်လုံးတွေမပိတ်ဘဲ
မအိပ်တဲ့ညတွေသာ တိုးလာခဲ့ပေါ့
တောင်တန်းတွေမပါတဲ့ ပန်းချီကားရယ်
နို့ဆီမပါတဲ့ ကော်ဖီရယ်
တခြားသူမပါတဲ့ နေ့တစ်နေ့ရယ်
ငါ့ကို ဖန်ဆင်းပေးပါလား
အဆင်မပြေမှုဆိုတာလည်း
ဘယ်သူမှမထုဆစ်ဘဲ
အိမ်ဦးခန်းမှာ လာထိုင်နေတဲ့
ဧည့်သည်တစ်ယောက်လိုဘဲဆိုတော့လေ
ကိုယ်ချင်းစာတရားဟာ အလွမ်းကို
ကိုယ့်ရင်ထဲကိုယ်ပြန်ဝှက်တတ်အောင်သင်ပေးခဲ့လို့
ချစ်ခြင်းဟာ ချစ်သူကို ချစ်တယ်လို့ ပြောခွင့်မရှိတော့ဘူး ….
အားပါးပါး ဂွတ်ထ ဂွတ်ထ