ကျွန်တော့်ရင်ဘက်မှာ စိုက်နေတဲ့ဓားကိုမမြင်စေချင်လို့ သူမကို ကျွန်တော်ကျောခိုင်းခဲ့တယ်
ဖြေရှင်းမှုဟာ လေးညှို့ဖြစ်မယ်ဆိုရင်
ကန်ထွက်သွားမယ့် မြှားဟာ အမှားဖြစ်တယ်ဆိုတာ
ငါဘယ်စာလုံးသုံးပြီးပြောပြော
အရှူံးကို ဝှက်ချင်လို့ ထင်ဦးမယ်
ချန်ထားခဲ့တဲ့ ဖိနပ်တရံထက်
ကျကျန်ခဲ့တဲ့ ခြေရာတွေကို
ငါ ပိုမြတ်နိုးတယ်လို့ပြောချင်သေးတယ် … မိလွင်
သံယောဇဉ်တွေက မကြာခဏအလည်လာပါတယ်
စာတိုက်ပုံးလေးငိုနေတာကို သတိမပြုမိသ၍
ငါ့ရင်ထဲက တစ်ဦးဆိုင်စာတမ်းဟာ အသက်ဝင်မှာမဟုတ်ဘူး
မျှော်သာမျှော်ရပြီး
ဘယ်တော့မှ ထိတွေ့ခွင့်မရတဲ့
နေမျှော်ပန်းတွေလိုဘဲ
အနေသာ ကြာလာတယ်
နေကြာတွေ မပွင့်သေးဘူး …
၂၀၁၁ ကိုပြန်ရှာ
အိပ်မက်မိုးရွာသောနေ့များကို ပြန်ရှာ
ရွှေအိုရောင်ကောင်မလေးသို့ ကို ပြန်ရှာ
တဏှာမပါတဲ့ ချစ်ခြင်းဟာ အဲ့ဒီမှာရှိတယ်
နင့်ရဲ့ခေါ်ဆိုမှုအတွက်
တာထွက်ဖို့ ငြင်းဆန်ခဲ့တဲ့ ခြေလှမ်းတွေဟာ
နင့်ဘဝရဲ့ သာယာမှုဆီက လမ်းစခွဲမယ့်
ခြေလှမ်းတွေနဲ့ တိုက်ရိုက်အချိုးကျကြောင်းကို
ငါဘယ်လို ပြောပြလိုက်ရမလဲ … မိလွင်
ငါ အသည်းမကွဲဘူး မိလွင်
ငါ မကျရှူံးဘူး ……………………
ငါ့ဆီက နင်အနှစ်သက်ဆုံးမဟာဖိုဝါဒနဲ့
မိန်းမတစ်ယောက်အတွက် မကျတဲ့မျက်ရည်ဟာ
ဘယ်ဂါထာရွတ်ရွတ်မကျွတ်တဲ့ ဝိညာဉ်လိုဘဲ
၁၉၉၂ ရယ်
လက်ဗွေရာတစ်ခု ရယ်
လက်ပတ်နာရီ အဆစ်ကလေး ရယ်
တစ်ရာတန်လေး တစ်ရွက် ရယ်
11992 ဆိုတဲ နံပါတ်လေး ရယ်
…………
……………..
………………….
ငါ့ရင်ထဲမှာ မရှိတော့တဲ့နေ့ဟာ
ပထမမြှောက်သေနေ့သာဖြစ်တယ်
နိုဝင်ဘာ ၂၇ …..
ကမ္ဘာတစ်စင်းထပ်ပွင့်တော့မတတ်အပြုံးတွေနဲ့
ကိုယ့်နထင်မှာတေ့ထားတဲ့ သေနတ်ကို မောင်းတင်မိတယ်
ကျွံနေတဲ့ ဖုန်းခလုတ်လေးတွေပေါ်မှာ
မျှော်လင့်ချက်ကို လိုက်ရှာတယ်
တန်ဆောင်တိုင်ပွဲဈေးတန်းမှာ
ခွဲခွာခြင်းကိုသာ ပျက်ကျလာတဲ့ မီးပုံးပျံထဲမှာ တွေ့လိုက်ရတယ်
ဒီလိုနဲ့ ဘဲ ဝေး ခဲ့ တယ် ဆို ပါ စို့ …. မိလွင် ။
ရေခဲ – ကောင်မလေးထွက်သွားပြီးနောက် ၁၈၇ ရက်အကြာ …
Comment #2
စာသားတိုင်း စကားလုံးတိုင်း တကယ်ကို မိုက်တယ်ဗျာ
ရင်ထဲကို ထိ ထိ ပဲ…ခံစားအားပေးသွားပါတယ်
Comment #4
Nice Writing ~
With respect,
RAY
Comment #1
ခံစားသွားပါတယ်ဗျာ