ပင်လယ်ရဲ့တံတိုင်းမှာ တိမ်ရိုင်းတို့ တဖွဲဖွဲကြွေ
ငါရဲ့ နှင်းဆီဖူးဟာ
ခူးတဲ့သူကို အဆိပ်ဆူးမှာစိုးလို့
အဖူးဘဝမှာဘဲ
သူကိုယ်သူပြန်ခြွေခူးလို့
နတ်ဘီလူးတို့ရဲ့တေးကို ဆိုတယ်
အဝါသံတငြီးငြီးတိုက်ခတ်နေတဲ့
တောတန်းကလေးမှာ ချစ်သူမရှိဘူး
ထို့ကြောင့် စိတ်ကောက်နေတဲ့
တိမ်တို့ရဲ့ နတ်ဘုရားဟာ နင်ဖြစ်တယ်
အမှောင်ရဲ့ပျိုမြစ်ခြင်းကို သိဖို့
အလင်းကို ညစာနဲ့ တည်ခင်းဧည့်ခံမိတော့
မနက်ဖြန်မနက်ဖွင့်မယ့် နေတံခါးမှာ
သစ္စာတရားဟာ ဖဲကြိုးပြာလေးစည်းနှောင်လို့
ပင်လယ်တွေ လက်နှစ်ဖက်ဟာ
မြစ်တွေ ရဲ့ အနာဂတ်နဲ့ ထုဆစ်ခဲ့ကြသလိုမျိုး
ကောင်းကင်ရဲ့ ဘယ်ဘက်ပါးမှာ
နင့် နှုတ်ခမ်းရာလေးရှိတယ်
တွေဝေမှုဇယားကို သရုပ်ပြချင်လို့
အဲ့ဒီကံ့ကော်ကိုင်းဟာ ပန်းပွင့်သီအိုရီကို
ဖျက်သိမ်းလိုက်တယ်
ကံမကောင်းဘူးဆိုတဲ့ နေ့တနေ့ဟာ
စောင်းသံတွေကြားကထွက်လာမယ်လို့
မေမေကမှ မပြောဖူးတာ
ဧရာဝတီလို စီးဆင်းကြမယ်ဆိုပေမယ့်
အထီးကျန်ခြင်းဆိုတာက
အိမ်စာပေးလို့မကောင်းတဲ့ပုစ္ဆာလိုဘဲ
အိပ်ယာနဲ့ အိပ်ယာခင်းမပါလည်း
အိပ်တတ်တဲ့သူအတွက်
အိပ်စက်ခြင်းဟာ အပြစ်ကင်းလွန်းနေတယ်လေ
ပန်းတွေမပွင့်တဲ့ ရာသီဆိုတာလည်း
ပြက္ခဒိန်ထဲက မိုးမရွာတဲ့နေ့လိုပါဘဲဆိုတာ
ကျောသားရင်သားမခွဲခြားဘဲ
လွမ်းတတ်တဲ့နေ့ကမှ သိလိုက်ရတယ်
သေချာတာကတော့ အဲဒီနေ့က
ကျွန်တော်ဟာ ပျော်ရွှင်မှုပေါ်လမ်းလျှောက်ဖို့
သူမထင်သလောက်ခရီးမပေါက်ခဲ့ဘူး …. ။ ။
ရေခဲ – ကောင်မလေးထွက်သွားပြီးနောက် ၁၈၈ ရက်အကြာ …
Comment #2
ကောင်းကင်ရဲ့ ဘယ်ဘက်ပါးမှာ
နင့် နှုတ်ခမ်းရာလေးရှိတယ် (လှလိုက်တာ..)
Comment #3
ကောင်းကင်ရဲ့ ဘယ်ဘက်ပါးမှာ
နင့် နှုတ်ခမ်းရာလေးရှိတယ်
(ကြိုက်ပါ့ဗျာ.. တကယ့်ကိုလှပတဲ့ ကဗျာပါပဲ)
Comment #1
အရမ်းကောင်းတယ်ဗျာ