” အခိုက်အတန့်”
(၁)
အကန့်အသတ်တခုခုရှိနေတယ်ဆိုတာ
ခဏတိုင်း မတွေးမိဖို့
ကိုယ့်လက်တွေကို ထွေးဆုပ်ပေးထားပါလား။
(၂)
နေခြည်နွေးနွေး အထိအတွေ့မှာ
တဖျတ်ဖျတ်လွင့်ပျံနေတဲ့ ရွက်ကြောစိမ်းကလေးရဲ့
မနက်ဖြန်တွေဟာ ဘယ်လောက်ထိရှည်လျားတတ်ပါသလဲ။
ပျော်ရွှင်မှုဆိုတာ
အဲ့ဒိသစ်ရွက်ကလေးလို
မနက်ဖြန်တွေကိုရေတွက်မနေပဲ
ပေါ့ပေါ့ပါးပါး နေရောင်နဲ့ ကခုန်ရတာမျိုးလား။
(၃)
မသေချာမှုတွေကို သေချာမှုတချို့နဲ့
ထွန်းညှိကြည့်လိုက်တော့
ခပ်နွေးနွေးလင်းလာတဲ့ အခန်းငယ်လေးထဲမှာ
စိတ်တစ်ခု အစောင့်အရှောက်နဲ့
မိုးလင်းပေါက်မှ နိုးထရတာကလဲ
ပိုင်ဆိုင်ခွင့်ရတဲ့ တန်ဖိုးတမျိုးပဲလေ။
(၄)
အသက်ရှုလိုက်တိုင်း ပြန့်ကျဲသွားတဲ့
စက္ကူကြယ်လေးတွေက
သူ့လက်နဲ့ ကောက်သီပေးမှ စုစည်းနိုင်မယ်ဆိုတဲ့အကြောင်း…..
……………………………………………………..
တချွင်ချွင်မြည်နေတဲ့ ဆည်းလည်းသံလေးကို
သူ့လက်နဲ့ ဖမ်းဆုပ်ယူပေးမှ
ကိုယ့်လက်ဖဝါးမှာ တည်မြဲမဲ့ အကြောင်း…..
…………………………………………………….
အိမ်ပြန်ချိန်တွေဟာ
အပြာရောင်တေးသွားတပုဒ် ဖြစ်ကြောင်း………
………………………………………………….
တကယ့်ကို
တခဏလေးတွေက အတ္တဆန်စေခဲ့ပြီ။
(၅)
ရီမောနေတဲ့ ကိုယ့်နားစည်လေးအတွက်
တစုံတရာကိုအောက်မေ့ပြီး ကျေးဇူးတော်ပြုရမယ်ဆိုရင်
အာမေဍိတ်ပြုနေကျ နာမ်စားတခုက
နှုတ်ခမ်းပါးကလျောကျလာလိမ့်မယ်။
(၆)
“မျှော်လင့်ချက်” ရဲ့ ခက်ဆစ်အဖွင့်က
အရှည်လျားဆုံးနဲ့ အလွဲချော်တတ်ဆုံးတဲ့။
(ရ)
မနက်ဖြန်ညနေအထိခန့်မှန်းချက်တွေကို ဆက်နားမထောင်ချင်တော့ဘူး
ဒီကနေ့ရာသီဥတုလေးကို ရိုးသားစွာ ဖဲကြိုးဖြေကြရအောင်ပါ။
ဖြစ်လိုမှုတွေကို ခပ်ဝေးဝေးမှာသွားထားပြီးတဲ့အခါ
ဖြစ်တည်နေတဲ့ အခိုက်အတန့်မှာ
တွဲထားတဲ့ လက်တစုံထဲ
ခဏပဲဖြစ်ဖြစ်ရဲရင့်လိုက်ချင်တယ်။
အယ်နီ