သမိုင်းတစ်ခုသို့သိုက်တူးချင်း (သက်ထွေး)
လူမသိ …သူမသိ
တောင်ကုန်းပေါ်မှာ
ကံကြမ္မာ
တစ်ယောက်
ဓားသိုင်းကျင့်နေလေရဲ့ ..
လူမသိဂါထာတွေ
သူရွတ်ဆိုရင်း
သူ့စာမျက်နှာတွေ
တစ်ရွက်ပြီးတစ်ရွက်
လှန်ကြည့်နေခဲ့မိ ..
လူတွေ သိတာကတော့
ကံကြမ္မာက ရက်စက်လေသတဲ့ ..
ကြံကမ္မာက ဘက်လိုက်တတ်သူ
မျက်နှာကြီးတတ်သူ
ဓားချက်တိုင်းမှာ .. အတ္တတွေနဲ့ပြည့်နှက်နေသူ
မြေနိမ့်ရာမှရွေးပြီး ..လှံစိုက်တတ်သူအဖြစ်
လူတိုင်းရဲ့ပါးစပ်ဖျားမှာ
ရေပန်းစားလို့နေတယ် ..
သူ့စာမျက်နှာတွေ
တစ်ရွက်ပြီး .. တစ်ရွက်လှန်ကြည့်ရင်း
စာရွက်တွေ .. ရေစိုနေတော့မှ
ကံကြမ္မာသတိထားမိတယ် ..
သူငိုနေခဲ့ပြန်ပြီ ..
ဒီစာအုပ်ထဲမှာ ..သူ့ရဲ့ငိုသံတွေအပြည့်
သူ့ရဲ့ ကြေကွဲမှုတွေအပြည့်
သူ့ရဲ့ ကျောထောက်နောက်ခံ
စတေးမှုတွေအပြည့်
လူတွေမသိခဲ့ဘူး ..
ကံကြမ္မာဆိုတာ
သူ့သမိုင်းသူ ပြန်ရေးခွင့်မှမရှိတာ ..
လူတွေရဲ့စာမျက်နှာတွေကို သူရေးခဲ့တာမှန်တယ် ..
လူတွေရဲ့ သမိုင်းတွေ သူသင်ယူခဲ့ရတာမှန်တယ် ..
သူကိုယ်တိုင်ရေးချင်တဲ့
သူ့ရဲ့သမိုင်းတစ်ပုဒ်
သူမရေးနိုင်ခဲ့ဘူး ….
သူ့သမိုင်းတစ်ပုဒ်ရဲ့ အနက်
သူရှာမတွေ့ခဲ့ဘူး …
သူ့ဗီဇ … သူ့မျိုးရိုး
သူအဖတ်ချင်ဆုံး ..သူ့ရဲ့စာတွေ
သူမဖတ်ခဲ့ရဘူး …
လူတွေက
ကံကြမ္မာအတွက်တဲ့
သနားကမား ..ကြိုးစားပမ်းစားနဲ့
သမိုင်းစာအုပ်တစ်အုပ် ဝိုင်းပုံနှိပ်ပေးကြလေရဲ့
ခေါင်းစဉ်က
“ကံကြမ္မာ … ရက်စက်သတဲ့လေ”
ကောင်းကင်ကိုမှ
ရွေးပြီး .. အရောင်ဆိုးတတ်တဲ့လူတွေကြောင့်
ကံကြမ္မာလည်း
အရှင်လတ်လတ်
သမိုင်းတစ်ခုကို .. သိုက်တူးတဲ့သူဖြစ်ခဲ့လေတယ်။
သက်ထွေး
ဇွန် ၁၄ ၂ဝဝ၇
Comment #1
ကံကြမ္မာဆိုတာ
သူ့သမိုင်းသူ ပြန်ရေးခွင့်မှမရှိတာ ..
လူတွေရဲ့စာမျက်နှာတွေကို သူရေးခဲ့တာမှန်တယ် ..
လူတွေရဲ့ သမိုင်းတွေ သူသင်ယူခဲ့ရတာမှန်တယ် ..
သူကိုယ်တိုင်ရေးချင်တဲ့
သူ့ရဲ့သမိုင်းတစ်ပုဒ်
သူမရေးနိုင်ခဲ့ဘူး ….
(: တကယ်ကောင်းပါတယ်.. ဒီကဗျာလေး