မိုးကြိုးလို လူများ
ဗီးနပ်စ်ရဲ့ သွေးသား သမီးပျိုလေးရေ …
ငါလေ …
တခါတလေ နှုတ်ခမ်းပါးလေးတွေပေါ်
အပေါ်ယံသာစိုက်ကြဲကြတဲ့ ခင်မင်မှုအကြောင်း …
အတွေးလေဟပ်မိရဲ့ …
အချစ်ဆိုတဲ့ မင်းကိုတော့ …
သူတို့ တွင်တွင်သုံးကြတယ် …
သူတို့ နှုတ်ခမ်းပါးလေးတွေမှာတင် …
ခင်မင်မှုတွေက ရင့်မှည့်နေပြီ …
ဟားးးဟားးး….
တကယ်တော့လေ …
အုတ်ဂူဆန်တဲ့ သူတို့ရဲ့ ရယ်သံတွေက …
အုတ်ဂူဆန်တဲ့ သူတို့စကားလုံးတွေက …
အုတ်ဂူဆန်တဲ့ သူတို့အပြုံးတွေက …
ပုတ်သိုးနေတဲ့ သူတို့နှလုံးသားကိုတော့ ကာရံဖို့ …
အယူခံဖို့ လုံလောက်ကဗျာဆန်ပါတယ် …
ဖြူစင်သန့်ရှင်းပါတယ် …
ဒီအတွက်လည်း သူတို့တွေဟာ …
အုတ်ဂူလို ဖြူစင်နေပါတယ် …
ဒါပေမဲ့ အုတ်ဂူတချပ်လို အထဲမှာ …
လမိုက်ညတွေ ပြည့်သိပ်နေမှန်း ဘယ်သူမှ …
ဂရုမပြုမိကြပါဘူး …
ကောင်မလေး …
ယုဒအနမ်းလေးလေ …
မင်း မှတ်မိဦးမယ် ထင်တယ် …
ခရစ်တော်ရဲ့ ပါးပြင်ပေါ် အညင်အသာပဲ
သူ ခုတ်ချခဲ့တယ် …
ချိုမြိန်ကောင်း ချိုမြိန်မှာပါ …
နှုတ်ခမ်းပါးလေးပေါ် ပျားရည်တွေ
အထပ်ထပ်သုံးလိမ်းစရာမလိုတော့အောင် …
ကောက်ကျစ်တဲ့ အပြုံးနဲ့ အနမ်းဟာ သူ့အလိုလို …
ချိုမြိန်ပြီးသား …
(၂)
နဖူးပေါ်မှာ စာတန်းလေးတော့ …
သူတို့ တင်ထားတယ် …
“ကြိုဆိုပါသည်”
…… တဲ့ …
ငါတို့ရဲ့ အဖိုးတန်တဲ့ ဝိဥာဉ်တွေကို
နုတ်ယူဖို့ …
ငါတို့ဆီက ငါတို့ ကိုယ်စီ ပိုင်ဆိုင်တဲ့
ရတနာသိုက်တွေကို တူးဖော်ဖို့ …
သူတို့ အပြုံးတွေထဲမှာ လက်နက်တွေ ဝှက်ထားတယ် …
ဆူးတွေ ခင်းထားတယ် ငါတို့တွေ သေဖို့ …
ကောင်မလေး မင်းသိလား …
ငါတို့ဟာ …
တခါတလေ မိုးတိမ်တွေပေါ် လမ်းလျှောက်နေရတာနဲ့ တူတယ် …
လို့ …
ပါးလွားတယ် ကွာ …
မတည်မြဲမှန်းတော့ မသိကြဘူး …
အပြုံးလို့ ဘွဲ့ပေးထားကြတဲ့ လေပြေလေးတွေနဲ့ …
နူးညံ့မွှေးပျံ့တဲ့ ငါတို့ ရနံ့လေးတွေ သူတို့ စုပ်ယူလို့ အပြီးမှာ …
ငါတို့ နင်းထားတဲ့ တိမ်လွှာတွေ …
သူတို့ စနက်နဲ့ သူတို့ ဖြိုဖျက်ကြမယ် …
ဖြစ်ခြင်း ပျက်ခြင်း သီအိုရီ တစ်ခုလို …
အသေအချာ သိနေတဲ့
သီအိုရီ တစ်ခု … လို့ မှတ်ယူထားလိုက် ကောင်မလေးရေ …
(၃)
နောက်ဆုံးတော့ …
ကောင်မလေးရယ် …
သေချာစွာ ဖြူစင်စွာ
နှစ်ခုပဲ ငါတို့ ဘေးနားကျန်ခဲ့တယ် …
ကဗျာ ရယ် …
တစ်ယောက်ဘေးနား …
တစ်ယောက် ရှိတယ် … ဆိုတဲ့ အသိရယ် …။ …
ဒီတော့ မင်းဝိဥာဉ်ကို …
အဆိပ်ဓားသွား နှုတ်ခမ်းပါးတွေနဲ့ ဝေးရာ …
ထုဆစ်ထားလိုက်ပါ …။…
Comment #1
good … yery good …