ငိုသံ
ကဗျာဆိုတာ…..မျက်ရည်နဲ့ ရေးစပ်ခြင်းပဲ
ရင်ခွင်နဲ့သာ ဖတ်မှတ်တတ်ရင်….
ငိုသံတောင် ကြားနိုင်မယ့်အရာပေါ့ ။
ခံစားချက်တွေ ပြိုကျစေပြီး
အဖြစ်အပျက်တွေထဲ
ကိုယ့်နှလုံးသား အပိုင်းအစကို ကိုယ် ပြန်ဖွေရှာ
ရသမြောက်စွာ…..
ရင်ကွဲနာတွေ ဖြေလျော့ကြည့်တဲ့အခါ
မေ့ဖျောက်ထားသမျှတွေကလည်း…..
ထင်းထင်းလင်းလင်းကြီး ပေါ်ပေါက်လို့….။
ကုန်ကြမ်းပေးခဲ့သူကို
ကဗျာတစ်ပုဒ်စာ မုန်းသည်
ကဗျာတစ်ပုဒ်စာ ချစ်သည်
ကဗျာတစ်ပုဒ်စာ လွမ်းသည်
ဒီ့အတွက်…..ရလဒ်က
သူဆိုသည့် အတွေးများထဲမှ ရုန်းမထွက်နိုင်ခြင်းဆိုပါတော့…..။
ဘယ်သူမှ မကြားအောင်…..
ကဗျာတွေထဲမှာသာ ငိုခဲ့ဖူးသည်
အကြောင်းအရာတွေ ကွဲလွဲနေသည့်တိုင်
ခပ်ပါးပါးလေး တိုက်ဆိုင်တိုင်း……
မသိမသာများစွာ ခိုးရှိုက်မိလေရဲ့ ။
ပျော်စရာအရင်းအမြစ်က အတိတ်တချို့ဆိုတော့
ရင်နာစရာ အချက်အလက်က…..
အနာဂတ် တစ်စိတ်တစ်ဒေသဆိုတော့
ဘယ်အရာနဲ့မှ မကင်းလွတ်နိုင်သူမို့
ကဗျာတွေထဲ သတိရခြင်းတွေ ကြွရွနေသည်ကိုသာ
ကြည့်ပါတော့လေ…..။
ဝေဒနာကခါးနေပေမယ့်….
ဝါသနာနဲ့ ရောစပ်ကြည့်တော့
ကြေကွဲလို့လည်း သိပ်ကောင်းတယ်
မျက်ရည်တွေလည်း တန်ဖိုးမမဲ့စေရဘူး
ငါ့အတွက်တော့…….
ငိုသံတိုင်းဟာ
ကဗျာတစ်ပုဒ် ဖြစ်မြဲဖြစ်နေပါပြီလေ။ ။
အလွမ်းကေသရီ
Comment #2
အင်း ဟုတ်သဗျ
Comment #1
ကဗျာတစ်ပုဒ်စာ!!