ခင်ဗျားတို့နဲ့ မကြာခဏပြောဖြစ်ပါတယ် ဒီအကြောင်း
အဲဒီ အကြောင်းကို ပြောပြီးရင် ဘာမှ ထပ်မပြောချင်တော့ဖို့အဆင်သင့်ဘဲ……..
ခေါင်မိုးပေါ်မှာ ကျီးငှက်တစ်ကောင် ရှိချင်ရင်လည်း ရှိနေမှာဘဲ
အရိုးပြိုင်းပြိုင်းကျပြီးသား သြဇာပင် တစ်ပင်က ကိုယ့်ရင်ခွင်တည့်တည့်မှာ အာနေတယ်
“နောက်တစ်ကြိမ် ပြန်ရှင်သန်ခွင့်ရမယ်ဆို…………..”
အဲဒီ အကြောင်းတွေကို ထပ်မပြောလို့ မရဘူးလား ကိုယ့်ကိုယ်ကို ပြန်ပြန်မေးနေမိတယ်
“နောက်တစ်ကြီမ်သာ ပြန်ရှင်သန်ခွင့်ရမယ်ဆို………..”
အဲဒီ အကြောင်းတွေ မပြောလို့ မရဘူးလား ကိုယ့်ကိုယ်ကို ပြန်ပြန်မေးနေမိတယ်
ပြဿနာပဲ………
စစ်ဆိုတာဆီ မရောက်ခင် မြှားတွေကုန်အောင် ပစ်ခဲ့တယ်
ဘ၀ဆိုတာနဲ့ အကနေ လှည့်ပြန်ပြေး ပြေးခဲ့တယ်…
“လန်းဆန်းစေပါတယ်”လို့ အညွှန်းများတာမှန်သမျှ
မူးနောက် ဂယောင်ခြောက်ခြား ဖြစ်သည်အထိ ရှုရှိုက်ခဲ့ပြီးတယ်။
ဒီစာကြောင်းကိုလဲ ဒီအကြောင်းထဲ ရိုက်ရိုက်ထည့်နေမိတယ်
စိတ္တဇပဲ……
“ကစ်စမီရဲ့ သဘာဝမှာ ဆူးတွေပါနေသလိုပေါ့ဗျာ”
ကိုယ်က ရယ်မလို့ပြောတာပါ
လွဲချင်တော့ အကုန်လုံးက
ဝိုင်းလေးနက်နေလိုက်ကြတာ…….
ယုန်ကလေးတွေ ကစားနေတာကြည့်တယ်
လက်ဝှေ့သမားတွေ ထိုးသတ်နေတာကြည့်တယ် မြင်မြင်သမျှ လိုက်ကြည့်နေတာပဲ………
မျက်လုံးအသေ စိတ်အသေနဲ့…..
ဟုတ်ကဲ့
နောက်တစ်ခါ နောက်တစ်ခေါက်ကျမှ
ဒီအကြောင်းတွေကိုပဲ ထပ်ပြောကြသေးတာပေါ့။………။
ပန်ပါယ်