” ညီမလေးရဲ့ အိမ်မက်တွေထဲမှာသာ…….”
” ညီမလေးရဲ့ အိမ်မက်တွေထဲမှာသာ…….”
ညီမလေးရေ….
ညနေခင်း ဘူတာရုံလေးထဲ.. ရထားဆိုက်မယ့်အချိန်က
ဖေဖေ့အိမ်ပြန်ချိန်မဟုတ်တော့ဘူးကွယ်
လာလမ်းအတိုင်း ပြန်ကြစို့….
ကျောင်းစာတွေလည်း ကျက်ရဦးမယ်….။
ညီမလေးရဲ့ ခဲပန်းချီလေးတွေကို
အသက်သွင်းပေးဖို့….
ဒီမြေကမ္ဘာမှာ တန်ခိုးရှင်မရှိဘူးဆိုတာ…
ညီမလေး သိအောင် ဘယ်လိုပြောပြရမလဲ….
မုန်တိုင်းသံတွေ တိတ်ဆိတ်စေဖို့
ကွာရှင်းပြတ်စဲခြင်းက သိပ်အသုံးဝင်တယ်ဆိုတာ…
ညီမလေးအရွယ်နဲ့ ဘယ်တွေးခေါ်မိပါ့မလဲ…..။
ညီမလေးရေ
ချစ်ခြင်းမေတ္တာတွေ ရင်ဘက်အပြည့်ရှိခဲ့ကြမှာပါကွယ်….
ဒါပေမယ့်……
ရေစက်တွေကုန်လို့….ခွဲခွာကြပြန်တော့
ညီမလေးရဲ့ နှလုံးသား နုနုလေး မြေစာပင်ဖြစ်ခဲ့ရတယ်….။
တကယ်တော့ ညီမလေးရယ်…..
မိသားစုပုံစံဆိုတာ တို့တတွေ ရွေးချယ်ခွင့်မှ မရှိခဲ့တာ….။
စာချုပ်လေးတစ်ခုကို
ညီမလေး အသံထွက် စာလုံးပေါင်းရွတ်ဖတ်ခဲ့တဲ့ညမှာ
နွေးထွေးမှုတွေ ပျောက်ဆုံးခဲ့တယ်…
ကြိုးပြတ်သွားတဲ့ အိမ်ထောင်မျိုး သီချင်းကြားတိုင်း မငိုမိအောင် ထိန်းချုပ်ပါ့မယ် ညီမလေးရယ်
ဘာဖြစ်လို့လဲ ဆိုတဲ့ ညီမလေးရဲ့အမေးကို ဖြေဖို့ မမကိုယ်တိုင် အင်အားမဲ့နေသေးတယ်….။
ညီမလေးရေ…..
တစ်ရက်ပြီးတစ်ရက်…… တစ်နှစ်ပြီးတစ်နှစ်….ကုန်ဆုံးလာတဲ့အခါ
မသိတာတွေ သိလာရလိမ့်မယ်
မယုံကြည်တာတွေ လက်ခံလာရလိမ့်မယ်…
ဒီ့အတွက်….ခံနိုင်ရည်ရှိစေချင်တယ်ကွယ်…..
အသိုက်အမြုံလေး ပြိုကွဲခြင်းကို အကြောင်းပြပြီး…
လမ်းမှားရောက်သွားတဲ့ အဖြစ်ဆိုးမျိုးတွေ…
မကျရောက်စေအောင် ညီမလေးကို အစွမ်းကုန် ကာကွယ်ပဲ့ပြင်ပေးပါ့မယ်…။
ညီမလေး…..
ညအိပ်ယာဝင်တိုင်း….
မွေးမိခင် နေရာသစ်မှာ ပျော်ရွှင်ပါစေ….
ကျွေးဖခင် ဓမ္မာ့အရိပ်မှာ အေးချမ်းပါစေလို့
ဘုရားစဉ်ရှေ့ ၀တ်ချ ဆုတောင်းကြမယ်…
အပြစ်တွေလည်း မမြင်သင့်ဘူးလေကွယ်….
အလိုရှိတဲ့ ဘ၀မျိုးလေးကို ပုံဖော်ဖို့ အိပ်ယာဝင်ကြစို့
ညီမလေးရဲ့အိပ်မက်တွေထဲ….ဖေဖေရယ် မေမေရယ် ဒို့နှစ်ယောက်ရယ်….ဘယ်တော့မှ မခွဲကြဘူးလေကွယ်….။
အလွမ်းကေသရီ
Comment #2
so so sad kay!..like the same with my life…:'(

Comment #3
နန်းသူဇာကိုချစ်တယ်

Comment #4
လူမိုက်
သွေးရဲရဲ
ခေါင်းကွဲပြန်တဲ့နေ့
ချစ်သူရဲ့
အယုအယမှာသာယာနောက်ထပ်
နာနာနဲ့ပဲ
ရန်ပွဲတွေထပ်ရှာခဲ့တယ်။

Comment #5
အလွမ်းကေသရီတဲ့
ကဗျာကကောင်းသလောက်ကလောင်
နာမည်ကညံ့တယ် လေချိုသွေးလို့ယူလိုက်ပါလားအမ
အားပေးလျက်

Comment #6
နာမည်ဆိုတာ ကို့သင်္ကေတနဲ့ ကိုလေ
ကို နေဇော်ပြောတဲ့ လေချိုသွေး ဆိုတာကလည်း
တခြားလူတွေအတွက် ညံ့ရင် ညံ့နေမှာပေါ့
အားပေးတာ ကျေးဇူးပါနော်
အားလုံးကို

Comment #7
ညီမလေး ကို အရမ်းချစ်တယ်ဗျာ

Comment #1
ညီမလေးရဲ့အိပ်မက်တွေထဲ….ဖေဖေရယ် မေမေရယ် ဒို့နှစ်ယောက်ရယ်….ဘယ်တော့မှ မခွဲကြဘူးလေကွယ်….။
တိုက်ဆိုင်သွားမိတဲ့ ခံစားမှု လေးပါပဲ
ကဗျာ အရ ဆိုရင်တော့ ကေ
ကျွန်တော် သိပ်မကြိုက်ဘူး. 😀