ရွေးချယ်ခွင့်
ရွေးချယ်ခွင့်
လမ်းဆုံရောက်ပြီ ခင်၊
ခင် ဘယ်လမ်းရွေးမလဲ။
လမ်း နှစ်ခု ခွဲနေတယ်။
တစ်ဖက်လမ်းက
အထက်တန်းကျလို့
ဖြတ်သန်းသွားရင်
တက်လမ်းတွေလည်း များမယ် ခင်။
နောက်တစ်လမ်းက
အောက်လမ်းပေမို့
လျှောက်လှမ်းရမှာ
မဖြောင့်တန်းနိုင်ဘူး ခင်။
အထက်ကမ္ဘာလမ်းက
ကတ္တရာဆမ်း လို့
တစ်သက်မှာ တစ်ခါ…လှမ်း
လှမ်း..သင့်တဲ့ လမ်းပါ ခင်။
မှောင်မိုက်ဂျောင်(ချောင်)ကျ
အောက်လမ်းကမူ
တောက်လျှမ်းလှပ
အရောင်စုံလှပြီး
ထိန်ထိန်ညီးမယ့်
မီးသီးတွေလည်း မရှိဘူး ခင်။
တောက်ပဖြောင့်တန်း
ကတ္တရာလမ်း၊
လျှောက်စမ်းပါ့ ခင်။
ဒီလိုပါမှ ခင့်.. ဘဝ
“အလွယ်တကူ”
လှလိမ့်မပါ့ ခင်။
သန့်ရှင်းဖြူဖွေး
ခင့်.. ခြေတော်လေးက
ထိုသို့လမ်းမှာ
လျှောက်လှမ်းပါမှ
နေ နဲ့ လ
ရွှေ နဲ့ မြ
တင့်တယ် လှပ မှာပေါ့ ခင်။
အို…သည်လို မတွေး
ရူပအရေးကို လျစ်လျူရှု
စိတ္တအရေးကို မျက်နှာသာပေးလို့
ကတ္တရာလမ်းကို စွန့်
ဗွက်များစွာလမ်းက ရွှန့် ကိုရွေးသော်
သခင်လျှောက်ရာလမ်း
ခြေလှမ်း လှမ်းတိုင်း
တစ်လှမ်းမှာ တစ်ပန်းပွင့်
ပန်းပွင့်များစွာ
လန်းဝေဖျာလို့
သခင့်အလာ
မျှော်လင့်စွာနဲ့
စောင့်နေပါ့မယ်
ပန်းခင်းအောက်လမ်း
အဆုံး၌။
.
.
မောင်သီဟ(တွံတေး)
17.5.2013
10:20 AM