ဘောလုံးပွဲကြေညာခြင်း
ချစ်ခင်မြတ်နိုးရပါသော…..တစ်ယောက်သောသူရေ…
စူပါကျောင်းတက်ရက်တွေရဲ့ ဒါဘီပွဲစဉ်တစ်ပွဲ
အချစ်နဲ့ အမုန်းကန်မှာက သူငယ်ချင်းမလုပ်ချင်ကွင်းမှာ
ဒိုင်လူကြီးအနေနဲ့ သံယောဇဉ်တစ်ဆင့်တိုးကတာဝန်ယူပြီး
စည်းကျပ်ဒိုင်အကူအနေနဲ့ ကြောက်ရွံခြင်းကတာဝန်ယူတယ်။
အစီရင်ခံနေစဉ်အတွင်းမှာ ခရာမှုတ်လိုက်သံက
အဖြူရောင်လေးပါပဲတဲ့…။
ပွဲစစချင်းမှာပဲ ခြေကွာချက်ပဲကျ
အချစ်အသင်းခေါင်းဆောင် ယုံကြည်မှုခြေမပေါ်
အထောင်တိုက်စစ်မှုး နားလည်မှု ဘောလုံးမရ
အမုန်းအသင်း ရဲ့ ကစားကွက်အောက် အလူးအလဲရှုံးနိမ့်
အမုန်းအသင်းရဲ့ တိုက်စစ်မှုး ကြိုးရှည်ရှည်လှမ်းရဲ့ အပိုင်ကန်သွင်းမှု
ကွင်းလယ်တိုက်စစ်မှုး သူငယ်ချင်းလုပ်ရအောင်ရဲ့ အလိမ်အခေါက်
သေသပ်လှပစွာ နဲ့ပဲ အခုဆို အချစ်အသင်းကွင်းတစ်ဝက်ဖိခံထားနေရတယ်။
အစီရင်ခံနေစဉ်အတွင်းမှာပဲ အချစ်အသင်းရဲ့ ခံစစ်မှုး ငရှက်တတ် ရဲ့ အမှားကနေတစ်ဆင့်
နောက်ခံလူ ရိုးသားခြင်း ကိုယ့်ကိုကိုယ်ပြန်သွင်းလိုက်မိ….
အဲ့လိုနဲ့ အချစ်အသင်းရဲ့ ဂိုးသမား တိတ်တဆိတ်လည်း ကြေကြေကွဲကွဲ တိုင်ပတ်
အမုန်းအသင်းရဲ့ လူငယ်ခြေတတ် ဘာတဲ့ အချစ်ရဲ့ ဖန်တီးမှုတွေ
ဝါရင့်ကစားသမား ယောကျာင်္းတွေသစ္စာမရှိဘူးရဲ့ ဖျက်တင်ဘောတွေ
လှလှပပ ပွဲကို သဖက်စောင်းနင်းဖြစ်နေစေတယ်။
အခုမှ ပထမဆုံးတန်းတက်ဖူးတဲ့ အချစ်အသင်း ကစားကွက်တည်မရဖြစ်ရုံမက
စိတ်ဓာတ်ကျဆင်းနေပုံများဆို အဓိကကစားသမား ပျော်ရွှင်ခြင်းတောင် လူစားလဲလိုက်ရတယ်။
ဟုက်ကဲ့ အဖြေကသေချာနေတဲ့ စူပါကျောင်းတတ်ရက်ရဲ့ ဒါဘီပွဲဟာဆိုရင် ပြီးဆုံးဖို့ နီးကပ်လာပါပြီ။
အဲ့ချိန်မှာပဲ..အမုန်းအသင်းရဲ့ မမျှော်လင့်တဲ့ အလွတ်တည်ကန်ဘောမှတစ်ဆင့်
နောက်တစ်ဂိုးကလွတ်လွတ်ကျွတ်ကျွတ်….
ဂိုးရအောင်ဖန်တီးပေးသူ ဥပေက္ခာနဲ့ ဂိုးသွင်းသူ သနားတယ် ကတော့
အချစ်အသင်း ရဲ့ မျှော်လင့်ခြင်းကို ဟားတိုက်ရယ်မောခဲ့ကြ
သေချာရှုံးဖို့ နီးစပ်နေတဲ့ အချစ်အသင်းကတော့ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိဖြစ်
မျက်ရည်မကျကြပေမဲ့ သြော် အချစ်…အချစ်လို့ ရေရွတ်
ဘယ်လိုမှ မဖြစ်နိုင်ပေမဲ့ ဆက်ကန်ဖို့ ရှိသမျှအားတွေထုတ်သုံးပေမဲ့
နောက်ဆုံးအချိန်ထိ ဖြစ်ဖြစ်မြောက်မြောက်တိုက်စစ်မဆင်နိုင်ခဲ့
အဆုံးမှာ ပြတ်သားတဲ့ အဖြေနဲ့
ကျောင်းပိတ်ရက် ဖလား ဒါဘီပွဲစဉ်တစ်ပွဲကတော့ ပြီးဆုံးသွားခဲ့ရပြီ။
အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့ အချစ်အသင်းရဲ့ နည်းပြ ပထမဆုံးအချစ်ကတော့
အမုန်းအသင်းရဲ့ နည်းပြ နင်ရယ်ငါရယ်သူငယ်ချင်းပါနဲ့ 
ကြေကြေနပ်နပ်လက်ဆွဲနှုက်ဖို့ စိတ်မပါပေမဲ့…
ဖြစ်နိုင်ရင် ထပ်ကန်ချင်ပါသေးတယ်….
အချစ်ရဲ့ အနိုင်ရသည်အထိတဲ့လေလို့ လက်ဆွဲနှုတ်ဆက်ရင်း
ကပ်တိုးလေးပြောသွားခဲ့ပါတယ်….ခင်ဗျာ
ချစ်ခင်မြတ်နိုးရပါသော…..တစ်ယောက်သောသူရေ…