ခြေမှုန်လူသား
အ၀ါရောင်မျက်ဝန်းတွေ ညိုမှိုင်း
ပုံရိပ်တွေ ဆိုင်း နေတဲ့ည
ဧဒင်သစ်ရဲ့ လက်ကိုင်ရိုးမှာ
ဖန်ဆင်းရှင်ဟာ
ကိုယ့်နာမည်ကို ရေးထိုးခဲ့တယ်။
တယောကွဲကလေးတစ်လက်နဲ့
လမင်းကို လာဘ်ထိုး
သူမ ဆံချည်တစ်မျှင်ကနေ
လူသားတွေဟာ ကိုယ့်ကိုပြန်လည်စိုက်ပျိုးလိုက်ကြ..
အဲဒီ ဆံချည်တစ်မျှင်စာ..
ခြေတစ်မှုန်စာ လူသား…
ကောင်းကင်တံခါးကို သွားသွားခေါက်တယ်။
ရွှေစင်ပန်းတို့ ချီချီကြွကြွ
ကြယ်နတ်သားတို့ ငုတ်ချည်ပေါ်ချည်
ညကို ကဗျာမမီဘူး။
တိမ်ပန်းချီမှာ နီလာရောင်တွေစိုလက်
ညရဲ့ ပုခက်တွင်း မှာ
လရဲ့သက်ပြင်းကို ခေါင်းမီ
တည်ကြည်စွာ ရှိနေတဲ့ လူသား…
သူမကို ဘာမှမမီဘူး။
အဲဒီနေ့ညက
ရင်ခွင်နှစ်ခြမ်းရဲ့ ပထမ ကမ္ဘာစစ်မှာ
လက်ယာဘက်က လက်နက်ချလိုက်ရတယ်
စစ်သည်တစ်သိန်း အင်အားဟာ
နှလုံးသားကို မော်မကြည့်ရဲခဲ့လို့။
ငြိမ်းချမ်းရေးနဲ့ အမွှေးမြဆုံးပန်း…
သူမနှုတ်ခမ်းတစ်စုံကြောင့်
ကမ္ဘာကြီး ငုံနေရာက ပွင့်တယ်
သက်တံ့တစ်ဝက်ဟာ
သူမ လက်ထဲကို စီးဝင်သွားတယ်
ဟော်ရီဇွန် လူရွတ်တောင်
သူ့ဦးခေါင်းကို ညွှတ်လိုက်ရတယ်။
ကမ္ဘာဖွားနတ်မိမယ်မှာမှ
ငြိတွယ်တဲ့ ရှင်နေမင်း…
သင်လဲ ကဗျာတွေခင်းပြ နိုင်ကောင်းပါရဲ့
လူငယ်ရဲ့ တေလေတလင်းပြင်မှာ
သံစဉ်တွေ စီးချင်းယှဉ်ရဲပါသလား….
တစ်သျှူးပေပါကလေး အ၀င့်
မြားတံကို လွှင့်လိုက်ချင်ရဲ့။
ခရမ်းနုဆည်းဆာရဲ့
မှိန်ဖျော့တဲ့ကာရန်…
သူမနာမည်မှာ သိမ်ငယ်ကျန်ရစ်ခဲ့ပြီ..
မည်သည့် ရင်ခုန်သံတို့ဖြင့်ဖြစ်စေ
အဖန်ဖန်ရှုံးနိမ့် ပြီးခဲ့ပြီ။
ရိုးသားလိုက်ကြပါစို့…
ကညင်တိုင်တို့ကို မှုတ်ငြိမ်း
တို့တတွေ
စောစောစီးစီး ငြိမ်းချမ်းကြပါစို့…။
သံလွင်ခက်ကလေးကို ကိုက်ချီ
အရှေ့နေခြည်မဖြာခင်
သူမ ကိုယ်ထင်ပြတော့မယ်။
အို…
ခုနှစ်စင်ကြယ်ဆီ ငေးရီ
တေးသီတဲ့ ငှက်ကလေး…ရေ
ငါဟာ မင်းရဲ့ခြေတစ်မှုန်စာ..
ဗလာနထ္ထိလူသား
ကောင်းကင်တံခါးကို
အခါများစွာ ခေါက်ခဲ့ပြီးပါပေါ့။
သစ်ခက်
Comment #3
အ ရမ်း ကို နူး ညံ့ လွန်း လို့ ဘယ် လို ခံ စား ရ သ လဲ ဆို တာ တောင် ဝေ ဖန် ဖို့ စ ကား လုံး မ ရှာ တတ် တော့ ပါ။
🙂
Comment #4
ကြိုက်စ့် 🙂
Comment #6
ကျေးဇူးတင်ကြောင်း မပြောရသေးပါလား
ကျေးဇူးပါ အကို အမများ
အကြွေးတင်သွားပြီ 🙂
Comment #1
ဘာမှကို မပြောတော့ဘူးနော်…