“ ဝေဒနာ – ၂၂ ”
– လေးဘက်ထောက်ကတည်းက
သွားခဲ့ရတဲ့ခရီး
မပြီးဆုံးသေးဘူး
၂၂ မိုင်အရောက်
အမောဆို့လုပြီ…။
– လူမှန်ရင် လွမ်းတတ်ရတယ်
ငါ့မှာတော့ လူပီသလိုက်ရတာ
သွေးခုန်နှုန်းနဲ့အပြိုင်
တဆစ်ဆစ်တုန်ခါနေတဲ့
အတိတ်ပုံရိပ်…
ခပ်ရိုင်းရိုင်းနှလုံးသားထက်မှာ
အရိုင်းဆန်နေလိုက်ကြတာ…။
– တနင့်တပိုးထမ်းထားရတဲ့
တာဝန်ဝတ္တရား
Duty is duty တဲ့
Jipsy is jipsy ဖြစ်ချင်ခဲ့…။
– ကြာကြာမနေချင်တဲ့စိတ်နဲ့
ကိုယ့်ကိုကိုယ်သာ ညှင်းဆဲ
ကွန်ကရစ်လည်း မဟုတ်ကတ္တရာလည်းမဟုတ်တဲ့
ဒီလမ်း…
ကြမ်းကြမ်းနိုင်လွန်းရဲ့…။
– ဟော…တံတားထိပ်ဝကိုရောက်ပြီ
ငါဖြတ်မယ် ငါဖြတ်သန်းမယ်
ထကြည့်စမ်းပါဦး
ဘာတံတားလဲ
ငါ့အလှည့်ကျမှ
အပ်ချည်ကြိုးလမ်းလျှောက်ဘ၀ပါလား…။
– လှည့်မကြည့်ဘဲမနေနိုင်တော့လည်း
နာကျင်ရတာပဲ
ဖြေဆေးထည့်လိုက်တော့ယားလာတယ်
ကုတ်ခြစ်ပစ်လိုက်မှပဲ လွမ်းဆိပ်တက်လာ
ယားလိုက်ကုတ်လိုက်အနာဖြစ်လိုက်
၂၂ မိုင်ခရီးကြမ်းတစ်လျှောက်
အမာရွတ်တွေနဲ့ပြည့်နှက်နေခဲ့ပြီ…။
– မသိလိုက်ကြပါဘူး
ထောင့်ကိုးရာရှစ်ဆယ့်ရှစ်ခုနှစ်
နိုဝင်ဘာလ၊ လေးရက်နေ့မှာ
မွေးဖွားလာတဲ့ကလေးတစ်ယောက်ဟာ
လောကကြီးထဲရောက်တာနဲ့
ငိုကြွေးတတ်မှန်းကိုပေါ့…။
– ကိုးလလုံးလုံး အမေ့ကိုဒုက္ခပေးပြီး
ဖြူဖြူစင်စင်နဲ့
အဖေ့မျှော်လင့်ခက်ကိုဖြည့်ဆည်းပေးခဲ့တယ်
၁၆ မိုင်အရောက် ဖေးမပေးမယ့်
လက်တစ်စုံ ပျောက်ရှသွားခဲ့…။
– အဖေမသိလိုက်ဘူး
အဖေ့အရက်တစ်ခွက်တိုင်းက
အမေ့မျက်ရည်တစ်စက်တိုင်းနဲ့
ညီမျှတယ်ဆိုတာ
နောက်ဆုံးတော့လည်း
အမေ့မျက်ရည်တွေသောက်လို့ဝသွားခဲ့ပြီပေါ့…။
– ဘာမှမရှိတဲ့ဘ၀လည်း
မျှော်လင့်ချက်တော့ ပြည့်စုံပါသေးတယ်
မလာနိုင်မှန်းသိပေမယ့်
အိပ်မက်ထဲတော့ဆွဲဆွဲသွင်းမိတယ်
စိမ်းကိုစိမ်းတဲ့ မိစိမ်းကားလည်း
ထုတ်မပြတတ်တော့
စိမ်းကိုစိမ်းပြီပေါ့…။
– နေရာတကာရင်ဘတ်ကြီးသုံးတော့
အပေါစားဆန်ဆန်ထင်ရက်စရာ
ဘာမှမဟုတ်တဲ့ကောင်ရဲ့ချစ်ခြင်းတရား
အပျင်းပြေဆော့ကစားဖို့ပါ
ဒါတောင်…
အနမ်းအစားထိုးအရာတွေနဲ့ပျော်ပိုက်နေမိတယ်…။
– သူများအနာဂတ်ကိုစပ်စုတတ်တဲ့ဆရာက
လက္ခဏာမှာ ထီးရိုးကြီးနဲ့ကံကိုအားကိုးနိုင်သတဲ့
သိပ်ကိုကောင်းတဲ့ကံ
ယတြာမရှိတဲ့ အဖြစ်တွေနဲ့
ကံမိုးစွေလိုက်ပုံများ
ထီးရိုးကြီးကို ကျိုးပါလေရော…။
– အနာကနာနေတယ်
ဘယ်တော့မှ မကျက်မယ့်ဒဏ်ရာ
လာမထိကြနဲ့ ယင်အုံရင်တောင်
ကိုက်ပစ်ဖို့ဝန်မလေးဘူး
မကျီစယ်ကြပါနဲ့
လေဖြေးဖြေးလေး မှုတ်ရင်တောင်
စပ်နေလို့ပါ လာထိမယ်ဆိုရင်တော့
ငြိုးမိတော့မယ် ကွယ်…။
– ဘာအပြစ်မှမရှိတဲ့ ခရေပန်းလေးတွေတောင်
နင်းချေပစ်ဖို့ ၀န်မလေးဘူး
နာကျင်ချင်လို့ကို သာယာခဲ့တာပါ
ခုတော့…ပန်းဆိုရင်
အဖူးအငုံလည်းကြောက်တယ်…။
– မျိုချခဲ့ရတာတွေများလွန်းတော့လည်း
ထမင်းဝါးရတာတောင် အားနာတယ်
စေ့စေ့တောင်ပြန်မတွေးရဲတဲ့ဘဝ
သူထောင်မထားတဲ့ပိုက်ကွန်မှာမှ
ဂိုးတိုင်အမှတ်နဲ့
နှလုံးသားကိုကန်သွင်းခဲ့တာ
အဆုံးတော့…
ကိုယ့်ရှုးကိုယ်ပက်
နင်ချည်းပဲခံပေရော့အဖြစ်မျိုး
နောက်ထပ်မကြုံချင်ဘူး…။
– နာလန်မထူနိုင်တော့မယ့် ရင်နာခြင်းတွေအတွက်
ယောင်ယောင်လေးတောင်လက်ပြမသွားဘူး
မသေရုံတစ်မယ်စားသုံးရမယ့်
နတ်သုဒ္ဒါတစ်မျိုးလို့ခေါ်ကြတဲ့ချစ်ခြင်းမေတ္တာ
ငါရောက်ချင်ခဲ့တာ ချစ်ခြင်းရဲ့အဆုံး
ငါရောက်နေတာလွမ်းတေးဆုံးခဲ့တဲ့နေရာ…။
– သူတောင်းစားတောင်ညည်းတတ်ရင်ငွေရတယ်
အချစ်သူတောင်းစား ငါ့မှာတော့ ညည်းလိုက်တိုင်း
ကဗျာပဲရခဲ့ပါတယ်
တစ်နည်းဆိုရရင် ကဗျာဆရာဆိုတာ
နှလုံးသားရဲ့အားကစားမှုးပေါ့
မသန်မစွမ်း ဒုက္ခိတမဖြစ်အောင်
လွမ်းနာကျတတ်ဖို့တော့လိုတယ်…။
– အတတ်ကြူး ဘီလူးဖြစ်ဆိုပဲ
အချစ်ကြူးတော့ ငရူးကြီးကိုဖြစ်လို့
ကိုယ့်ကိုကိုယ်လင်လုပ်ကြည့်ရင်
အရူးအရူးချင်းထပ်တော့မြတ်သပေါ့
ကိုယ့်ရင်ကိုယ်မြင်နေရတော့လည်းအခက်သား
သူများမမြင်အောင် ပြက်လုံးလေးနဲ့
ကာထားလိုက်တော့လည်း
လူ့ဂွစာကြီးကို ဖြစ်လို့…။
– မွေးကတည်းက ဝေဒနာကိုဖက်တွယ်
ဖခင်မေတ္တာ ၊ ချစ်သူ့ မေတ္တာငတ်ပြတ်
ရင်တစ်ဆုံး နှိုက်ကြည့်လိုက်တော့
ကိုယ်ပိုင်မေတ္တာပျောက်ဆုံး
ဝေဒနာ- ၂၃ ကို တက်လှမ်းဖို့တောင်
ဒီကောင့်နှလုံးသားက အမောလုံနေပြီ…။ ။
ဇင်သော့
(ကျွန်တော့်အသက် (၂၂) နှစ်တုန်းက ရေးခဲ့တဲ့ကဗျာလေးပါ )