ငါရဲ့ချုပ်ရိုးကြောင်းလေး
ငါရဲ့ချုပ်ရိုးကြောင်းလေး
အရိပ်တစ်ခုက အရိုးစွဲနေတော့
ဘယ်ကမ္ဘာရောက်ရောက်
ဗီဇက မပျောက်ချင်ဘူး
မြင်မြင်ချင်းချစ်ခဲ့တယ်
မယုံလည်းနေပေါ့ဆိုတာထက်
လွန်ခဲတဲ့(၂)နှစ်ဝန်းကျင်က
အပြုံးလေးက တစ်ချက်က
လက်ခနဲ လက်ခနဲ. ချစ်ဖို့ကောင်းနေတုန်း။
မှတ်မှတ်ရရပြန်တွေးဖို့
ကားမှတ်တိုင်တွေလည်းမိုးမရွှ
အံဆွဲလေးထဲလည်းဘာမှ မထည့်ခဲ့ဘူး
ခရစ်စမတ်လဲအတူရှိမနေခဲ့ဘူး
ဒီလိုနဲ့စက္ကန့်တွေ ကူးချည်သန်းချည်
ကလေးမ လေးကို အနေစိမ်းခဲ့တယ်။
ကြယ်တွေထက်ကောင်းတဲ့ သက်သေ
အခုထိ အရောင်မလက်သေးဘူး
အမှတ်တရ ကြွားလုံးထုတ်ဖို့
စနေနေ့လေးတောင် တစ်ဝက်ပဲရှိတယ်
ကော်ဖီမကြိုက်တဲ့သူမအတွက်
ကော်ဖီခွက်တွေက မဆွဲဆောင်နိင်ခဲ့တာ
အဆန်းတော့ မကြယ်ခဲ့ပေါ့လေ။
အစိမ်းဘက်ပါသွားတဲ့
သူ့ခေါ်သံအချို့ကို
ရင့်မှည့်တတ်လာအောင်
အပူပြန်ပေးနေရတုန်း
ရင်နှစ်စုံ တူညီဖို့ အကပြန်တိုက်နဲ့
အစွန်းထွက် တစ်ချို့က အမြင်မတော်စရာ
တမင် ခေါ်လာခဲ့တာမဟုတ်ဘူး
တစ်ခါတုန်းက ခြေရာတွေပေါ့။
ပျောက်သောသူရှာလျှင်တွေ့
ပြန်ရှာခဲ့တာမဟုတ်ပေမယ့်
ကလေးမ မျက်ဝန်းအစုံကို
ပြန်ရင်ဆိုင်ရတဲ့ ခဏလေးမှာ
မိုးရော မြေရော ခမ်းနားတယ်
ဖြတ်သန်းခဲ့သမျှ
အလှဆုံး ညနေပဲ။
ကလေးမလေးရယ်
မင်းရဲ့အခြားတစ်ဖက်ကို
ငါ့ရဲ့အခြားတစ်ဖက်မှာ
လာပျော်ဝင်ပါတော့
နှလုံးသားက သူစိမ်းအဖြစ်လက်မခံဘူး
အဲဒီချုပ်ရိုးလေးကို ပြန်မဖြေဖို့နဲ့
ပြန်လှည့်မပြေးဖို့ တားဆီးပါရစေကွယ်။
ကုန်အောင်ရေးပြရရင်ကွယ်
မျက်နှာအရေပြားတွေ လျော့ရိလျော့ရဲ
ရင့်ကျက်နေပါပြီ ဆိုပေမယ့်
ဒီအသက်ရွှယ်မှာ ၀ါးပင်လို အဖျားမရှူးချင်တော့ဘူး
စိတ်ကူးစိတ်သန်းတွေက မိုးလိုမျှော်နေတုန်း
အိုစာမင်းစာနဲ့ အရိုးပြာကျ
အတူပျော်ဝင်ကြဖို့ဆုတောင်းမိတယ်။
ကလေးမလေးရယ်….
မိုးစင်စင်လင်းရင်
အတူအတူ စိုက်ပျိုးကြမယ်လေ
အတူတူပျံသန်းကြမယ်လေ
နွေးထွေးစွာနဲ့ပေါ့
မျက်ဝန်းနှစ်စုံ အသားကျတဲ့အထိ။ ။
နေသွေး
Comment #1
good …
အပေါ်ဆုံး တစ်ပိုဒ် ကြိုက်တယ်
ဒါမဲ့ ဖတ်ရတာ က တွေက ထောက်နေသလိုပဲ
““ လွန်ခဲတဲ့(၂)နှစ်ဝန်းကျင်က
အပြုံးလေးက တစ်ချက်က
လက်ခနဲ လက်ခနဲ. ချစ်ဖို့ကောင်းနေတုန်း။ ““`
လွန်ခဲတဲ့(၂)နှစ်ဝန်းကျင်က
အပြုံးလေး တစ်ချက်က
လက်ခနဲ လက်ခနဲ. ချစ်ဖို့ကောင်းနေတုန်း။