မြေကြီး
သမိုင်း အစဉ်အလာတွေနဲ့
နှိုင်းယှဉ်ကာ စာတင်ခဲ့ကြတယ်
ဟောဒီ့ မြန်မာ့မြေ ။
သူ့ကျွန်ဘ၀ ရောက်တော့
ထကြွကာ ပုန်ကန်
ကြွေးကြော်သံက သခင်မျိုးဟေ့ ဒို့ဗမာ။
လွတ်လပ်ပြီ မမှတ်ကြလေနဲ့
သူ့ကျွန်ထက်ဆိုးတာက
အချင်းချင်း ကျွန်ပြုနေကြတာ
ခေါင်းတောင် မဖော်နိုင်ဘူး။
မြေပေါ်မှာ စိုက်တော့
ရွှေဝါရောင်စပါး
မြေအောက်က နှိုက်တူးထုတ်ရင်
ရတနာ ရွှေ ငွေ။
အဖိုးတန် သယံဇာတတွေနဲ့
အမျိုးမှန် မြန်မာမျိုးတွေ
မြေကြီးကို အမှီပြုပြီး
မော်ကာ ကြွားကြတယ် ။
တို့ပြည်ကြီး မဆင်းရဲဘူး
မြေပေါ်မြေအောက်
သယံဇာတတွေနဲ့ပေါ့။
ကြွားချင်တိုင်း ကြွားနေတဲ့
မြန်မာတွေ
သူတို့ ကိုယ်တိုင်မှာတာ့ဖြင့်
မနက်စာ မနက် ၊ ညစာ ည
ရှာရတာ ဖတ်ဖတ်မောလို့ ။
ပေါလွန်းတဲ့ သယံဇာတတွေကို
အစဉ်အဆက် နှိုက်ထုတ်သွားလိုက်ကြတာ
ခင်ဗျားတို့ ၊ ကျွန်တော်တို့
ပြည်သူတွေ ခံစားရလို့လား
စံစားခွင့်ရောရကြလို့လား ။
အခုကြည့်ကြဦး
စိုက်ပျိုးစားသောက်နေတဲ့မြေကို
ရန်ရှာလာကြပြီ။
တိုင်းပြည်ကြီး တိုးတက်ဖို့လည်း ဆိုရဲ့
ဖွံ့ဖြိုးဖို့လို့လည်း ဆိုကြလေရဲ့
ပြည်သူတွေ အငတ်ခံပြီး
လူတစ်စုကြွယ်ဝရုံနဲ့
တိုးတက်ပြီဆိုကြမှာလား ။
ပြောလိုက်ပါရစေ . . .
ရွှေသီးတဲ့ မြေကြီးပေါ်က
ရွှေမြန်မာ ပြည်သူအပေါင်းတို့
ရှာချင်တဲ့ ရန်ကို ရှာပါစေ
ဟောဒီ မြေကြီးပေါ်က
မောင်းထုတ်တဲ့ ရန်ကိုတော့
အကြောက်တရားကို ဖျောက်
မြေကြီး ကို ကာကွယ်စောင့်ရှောက်ကြပေတော့ ။ ။
နောင်တော်လေး (ဘိုကလေး)