ကြယ်ကြွေတဲ့နေ့
တဆစ်ဆစ်ကိုက်ခဲနေတဲ့ ရင်တွင်းပြည်တည်နာ
တနေ့တနေ့ ဖြတ်တိုက်သွားတဲ့ လေပြည်တသုတ်
သုံးမဖြစ်တော့တဲ့ သံချေးတက် တံခါးတစုံနဲ့
ဖြုတ်ခနဲ ကြွေကျတဲ့ အလွမ်းမျက်နှာစာသစ်မှာ
ကိုယ် မော်ဖူးခွင့်မရလိုက်တဲ့ မျှော်လင့်ချက်တစုံတရာပါသွားခဲ့….
ကြားခွင့်မရတော့တဲ့ စကားသံက ဟိုးအဝေးမှာ ခပ်လွင့်လွင့်
လွတ်လွတ်လပ်လပ် တခါလောက်တော့ ဟားတိုက်ရီပစ်ချင်ရဲ့
အိမ်ရှေ့မှာ တက်ထိုင်နေတဲ့ ဒီဒုက္ခတရားကို
ကိုယ် ဧည့်ဝတ်မကျေလိုက်မိဘူး
ဒီကစားပွဲမှာ ကိုယ် တဖက်သက် ဖိကစားခံခဲ့ရ
ကိုယ်ထင်မထားတဲ့ထောင့်ချိုးက ကွေ့ဝင်လာတဲ့ ဥပက္ခာတရားနဲ့ အခုတော့ နေသားတကျပေါ့
ချစ်ခြင်းမေတ္တာက တခါသုံး tissue ဆန်လွန်းတယ်
ကိုယ်ဒီလောက် ယုယတာတောင် သူက ကျေမွလွယ်တုန်း
ကိုယ်မှားသလား မှန်သလားဆိုတာထက်
လက်ရှိမှာ စိုးရွံ့အားငယ်စိတ်တွေပဲ နေရာအပြည့်
လက်ဖျောက်တတွတ်စာ ကြက်တ၀ပ်စာ အချိန်လေးတခု
ကိုယ့်ကို သတိရပေးပါ
တသက်လုံးစာ ကိုယ်တောင့်တမိတာ များသွားလို့လားကွဲ့
မိန်းမတယောက်က မိန်းမဆန်ဆန် လွမ်းမယ် ငိုမယ် သ၀န်တိုမယ်
တယောက်တည်းပစ်ထားခံရခြင်းထက်
တကိုယ်တည်းအထီးကျန်တာက ပျက်သုန်းမှု ရာခိုင်နှုန်းပိုများမယ်
ကိုယ် ဘာတွေကို ဒီထက် နားလည်ပေးရဦးမှာလဲ
ဘာမှ မသိသေးတဲ့ ကလေးငယ်တယောက်တောင်
လိမ်ညာခံရရင် အော်ငိုတတ်သေးတာပဲ
အရွယ်ရောက်နေတဲ့ လူတယောက်အတွက်ဆိုရင်ကော…
ကိုယ်ရခဲ့တဲ့ မရေရာခြင်းအတွက် မင်းကိုယ့်ကို ဘာနဲ့ပြန်ပေးဆပ်မလဲ
တချို့အမာရွတ်တွေက ဒဏ်ရာအသေးအကြီးထက်
နေရာဘယ်လောက်ယူသလဲဆိုတာပေါ် မူတည်တယ်လေ
………………..
……………..
……….
ကိုယ့်မှာ ပြောစရာ ဘာမှ မရှိတော့ဘူး
ဒီကဗျာကို ဒီနေရာမှာ အဆုံးသတ်မယ်…..
Comment #1
Wow
Like it much