မလွမ်းစိန်
ဆက်အိပ်ပါဦးသားတို့ရယ်
သားတို့ရေ ဆက်ပြီးတော့အိပ်ပါဦးကွယ်
မင်းတို့သိပ်ကြိုက်တဲ့ မုန့်ဟင်းခါး
နေ့လည်ရောက်မှ ထမင်းကြမ်းလေးနဲ့ရောစားပေါ့…..
မင်းတို့အဖေအရက်သမားကြီးရဲ့လုပ်အားခ
မနက်စာတနပ်လျော့စားမှ
အဆင်ပြေလိမ့်မယ်ကွယ် …..
တစ်နေကုန် ပင်ပင်ပန်းပန်းလုပ်မှ
သူရတဲ့၁၅၀၀ရဲ့အစွန်းထွက်
အရက်ဝယ်ဖို့အတွက်လဲ၇ှိသေးတယ်…
ဟို အငယ်ကောင်…
ဘာလို့ထလာတာလဲ
အဲဒါကြောင့်ညကတည်းက
အပေါ့အပါးသွားထားလို့ပြောတာ
ခုတော့နိုးပြီး ရင်ပြန်အိပ်လို့မရ
ဗိုက်ဆာတယ်ဆိုတဲ့အသံကြားရတော့မယ်
ဟဲ့ကောင်လေး ခုမှငိုမနေနဲ့
ငါတို့ဆင်းရဲသားမျက်ရည်မြေကိုကျ
ဘယ်အကောင်မှထမင်းတစ်အိုးလာမချဖူးဟဲ့
သြော် ငါတို့လယ်သမားဘ၀ကလဲဆိုးလွန်းပါ့တော်
ရှိစုမဲ့စုလယ်ကလဲအသိမ်းခံရ
သူများလယ်သွားလုပ်တော့လဲ
မလောက်မငှလေးပဲရ
အောင်မလေးအရပ်ကတို့ရေ
ကျွန်မတို့က ထမင်းတနပ်လျော့စားလို့
အပြောမခံရခင်ကတည်းက
ငတ်နေပြီးသားဘ၀ပါတော်….
အလတ်မမိဖြူကလဲ
ရန်ကုန်သွားတာ အဆင်ရောပြေရဲ့လားမသိ
့ ရွာထိပ်က ကိုစိန်လှတို့အိမ်ကိုဖုန်းလာတုန်းကတော့ပြောတယ်
အဆင်ပြေပါတယ်တဲ့
တစ်လတစ်လသိန်းကျော်ရသတဲ့
မိဖြူရယ် ပညာတောင်မသင်လိုက်ရတဲ့နင်က
ရန်ကုန်မှာအလုပ်သွားလုပ်တာ သိန်းကျော်ရသတဲ့လား…
ဘွဲ့ရတဲ့ကောင်မ ရွာထိပ်ကတင်လှကတော့
တရုတ်နဲ့ရပြီး အဆင်ပြေသတဲ့တော်
ကပ်စေးနဲမက ရွာဦးကျောင်းကထိန်ပွဲအတွက် ငါးသောင်းတောင် လှူသတဲ့တော့…
ဟဲ့အကြီးကောင်ပိန်သေး
အိပ်ယာထလာတာလား
ဆက်အိပ်လေသားရဲ့
များများအိပ်တော့ ၀ တာပေါ့မဟုတ်ဖူးလား
မနက်စာတစ်နပ်မစားရလို့သေတဲ့မသာ
မရှိပါဖူးသားရယ်
အမေတို့လယ်တွေကိုယူသွားပြီး
မစိုက်မပျိုးပဲထားမှသာ
အကုန်လဲုံးမသာဖြစ်မှာ
အရှင်ဖုရားရေ
ဒီနေ့တော့ကန်တော့ပါသေးရဲ့
ညက ဟိုအကောင်သာဂိဖျားလို့
ဆေးခန်းသွားတာ
ဒီနေ့ဟင်းဖိုးလေးပါသွားလို့ပါဖုရား
သားတို့ရေ များများအိပ်တော့ကျန်းမာတာပေါ့
ပြန်အိပ်ကြနော်
နေ့လည်ရောက်မှထ
များများအိပ်တော့ ၀ လာမှာပေါ့
သားတို့ရယ်
ပြန်အိပ်ပါနော်
ပြန်အိပ်ပါနော်
Pho San(19.1.2014)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂