ညီမလေးတစ်ယောက်မွေးပေးပါ (မင်းကိုနိုင်)
တံခါးဝမှာ
သူေ့ခြေကလေးတစ်ဖက် အသာတင်ပြီး
လှစ်ခနဲ ပျံတက်ပြေးတဲ့
ငှက်ကလေးဟာ
ဘယ်သူလဲသိလား အ မေ…
အဲ့ဒါ သားညီမလေး လေ
နွေဦးပန်းလေးတွေ
လေအသွဲ့နွဲ့လိုက်ကြ
အဲ့ဒါညီမလေးရဲ့ယိမ်းအက
စံ ပယ် ရုံ လေး မွှေးနေတာလည်း
ညီမလေး သနပ်ခါးလိမ်းပေးထားလို့ပဲ
သူ့ကိုအမေက သီချင်းဆိုသိပ်
သားပါ ရောယောင်ဝင်အိပ်ဖို့
ကြောင်မကြီးမွေးတဲ့အခါ
သူ့ကြောင်ကိုယ့်ကြောင်လုကြဖို့
ညီမလေးတစ်ယောက်တော့လိုတယ်အမေ
သူလှရင် သား မာန်တက်ဖို့
သူအကျည်းတန်ရင့့် 
လိပ်ပြာလေးတွေတောင် ပိုးတုံးလုံးဘဝမှာ
အရုပ်ဆိုးကြတာပါပဲကွာ လို့ နှစ်သိမ့်ဖို့
ညီမလေးတစ်ယောက်တော့လိုတယ် အမေ
ဘဝရဲ့ ညတွေမီးပျက်စမ်းပါစေ
ညီမလေးနဲ့အတူ ကြယ်တွေထိုင်ရေမယ်
မပြည့်တဲ့ဆန္ဒတွေ မြှားလိုစူးပါစေ
ညီမလေးနဲ့အတူ ဥုံဂါထာမန်း ကုယူမယ်
ဒေဝေါကြီးလာပြီဆို
ဖျာလိပ်ထဲအတူဝင်ပုန်းဖို့
ရှစ်ပါးလောကဓံကြုံပြီဆို
ရယ်သံမျက်ရည်အကူပေးဖို့
ညီမလေးတစ်ယောက်လိုတယ်အမေ
အစ်ကိုဆိုတာ
ကြင်တတ်တာတွေ
အမြင်ကပ်စရာတွေနဲ့
မကျီးတစ်ဝက်
ထန်းလျက်တစ်ခြမ်းဆိုတာ သူသိဖို့
ညီမလေးတစ်ယောက်မွေးပေးပါ။
မင်းကိုနိုင်