“ ထူး ချွန် ဆု ”
ဒီနေ့ မှာ
ကျွန်တော် … ဗိုလ်ချုပ်မွေးနေ့ မှန်း သတိရဖို့  သတိမရဘူး
ကျွန်တော် … ၃ မိနစ်ကျော်ကြာ ဝင်လေ/ထွက်လေ အလုပ်မှာ ပျက်ကွက်သွားမိတယ်
ကျွန်တော် … ကျွန်တော့် ခြေဖ၀ါးစုံ အောက်မှာ မြေသားထုကြီး ပျောက်သုန်း လစ်ဟာလို့ 
ဟင်းလင်းပြင်ကြီးပေါ်မှာ ထိုင်နေတယ်
ကျွန်တော် … ကျွန်တော့်နားအစုံ ကို ကမ္ဘာ့ဈေးအကြီးဆုံး လေလံပွဲမှာတင် –
တန်ဖိုးသတ်မှတ်ဖို့ ဆုံးဖြတ်ချက်ချတယ်
ကျွန်တော် … ကျွန်တော့် နှလုံးခုန်သံကို ဟိုဘက်အိမ်တွေကများ ကြားသွားလေမလား
တွန့်တိုစိတ်နဲ့ ပြတင်းပေါက်တိုင်းကို တိတ်တိတ်နေဖို့  တိုးတိုးအမိန့် ပေးတယ်
ကျွန်တော် … မျက်နှာပြင်ထက် စီးဆင်း ကျ လာတဲ့ ပူနွေးအရည်ကြည်တွေဟာ ဘာတွေမှန်း ,
ဘယ်လိုခေါ်မှန်း , ဘာကြောင့်မှန်း ဆိုတာတွေ နားမလည်နိုင်လောက်အောင်ပဲ
စိတ် နဲ့ ခန္ဓာ ကွဲ ခွာ မိန်းမော သွားတယ်
ကျွန်တော် … ကျွန်တော့် ဘဝအကြောင်း ..ပတ်ဝန်းကျင်အကြောင်း .. နိုင်ငံအကြောင်း
ကမ္ဘာအကြောင်း .. လောကအကြောင်း အိုဗျာ ကျွန်တော် ရှိခဲ့သမျှ/ရှိနေသမျှ
ကျွန်တော့်မှတ်ဥာဏ်တွေအားလုံး ပြီးတော့ ကျွန်တော် ဘယ်သူ ဆိုတာမသိ/
အမှတ်မရှိတော့တဲ့အထိ အရှိန်အဟုန်ပြင်းထန်လွန်းသောအတိတ်မေ့ရောဂါတစ်ခု
ခံစားရတယ်
။ကျွန်တော် စကားစုတစ်စု ကို အပိုင်ရလိုက်တယ်။
ဗိုလ်ချုပ် ! ကျွန်တော့်ကို ခွင့်မလွှတ်နဲ့ .(လုံးဝ ခွင့်မလွှတ်နဲ့ ).
ကျွန်တော်ဟာအပြစ်ဒဏ် ခံရသူ/ခံယူရသူ တို့ ရဲ့ အဆုံးသတ်ရလာဒ်ဖြစ်တဲ့
နာကြည်းဝမ်းနည်း/ရှုံးနိမ့်ကြေကွဲရခြင်း ခံစားချက်တွေမှာ ရင်းနှီးကျွမ်းဝင်-ခုံမင်နှစ်ခြိုက်တတ်ခဲ့ပြီ
ဦးဏှောက်! မဆင်မခြင်မေ့ပစ်လိုက်တဲ့ ကျွန်တော့်ထံမှာ အလုပ်မလုပ်ချင် (ချက်ချင်း) ရပ်တန့် လိုက်စမ်း
” ရှေ့ (အနာဂတ်) “ဆိုတဲ့ လမ်းမှာ ကျွန်တော် … အကောင်းဆုံးဆိုတဲ့အတိတ်ကို လက်ဝယ်ပိုက်လျှောက်နိုင်ရဲခဲ့ပြီ
ဟိုဘက်အိမ် ဒီဘက်အိမ်မက တစ်လောကလုံးက ကျွန်တော့်ကိုပယ်စမ်းပါစေ / ဖယ်စမ်းပါစေ ..
တုန်လှုပ်ခြင်းမရှိ
ကျွန်တော့်ရာဇာဝင်ထက်မှာ အလိုချင်/ရယူလိုဆုံးသော စကားလုံးတစ်စုကို မှတ်ကျောက်တင်ခံ “ထင်း” ..”လင်း” ခဲ့နိုင်ပြီ
ပိုက်ဆံ-ပကာသန … ကျွန်တော့်အနား ဝေသီ ဖြာကျ ပေး ရန် မလိုတော့
တန်ဖိုးကြီးမျက်ဝန်းရည်ကြည်နွေးတို့  ဖြင့် တစ်ကိုယ်စာ နွေးထွေးချမ်းမြ
ကျွန်တော် ကြွယ်ဝ ချမ်းသာခဲ့ပြီ
…
ကျွန်တော့်အမည်ကို ကျွန်တော့်ဖေဖေရင်ခွင်သမိုင်းမှာထွင်း ..
ကျွန်တော့်အတွက်ဆိုတဲ့ အချစ်တွေ အားလုံး သိမ်းကျုံး ယူငင် နိုင် ပြီးတဲ့အခါ …
ပစ္စုပ္ပန် သံသရာထက်ပြန်လည်လှုပ်ရှားသက်ဝင်လို့ 
ကမ္ဘာကြီး တစ်ခုလုံး ကို သိမ်းပိုက် အနိုင်ယူ စိုးမိုး ပြမယ် …
အခုတော့ …
စိတ်ရူးယဉ်ကမ္ဘာတစ်ဘက်ခြမ်းမှာ စကားစုတစ်ခုလေး ကို ပွေ့ ဖက်နမ်းရှိုက်ရင်း
လက်ရှိအခိုက်အတန့် ကို ပုဒ်မ ချ ကျွန်တော့်ကိုယ်ကျွန်တော်
ကွင်းစ ကွင်းပိတ်ကလေးထဲသွင်းကာ .. ကမ်းကပ်မှေးစက်လိုက်နိုင်ဖို့ 
ဆုတောင်း
နတ်ဖုရားတွေထံ စက္ကန့် မခြားပဲ ရောက်ရှိသွားဖို့ 
အိပ်မက်တွေကတဆင့် ပြေးလွှား ဆက်သ လိုက် ပါ ဦး မယ်။
( မနက်ဖြန်တွေမှာ “ကျွန်တော်” တကယ် မပါဝင်တော့တဲ့အခါ
စိတ်ရူးယဉ်အိပ်မက်ကမ္ဘာထဲ အလိုကျ ရှင်သန်နိုင်ခဲ့သူ – လူ့ ထူးချွန်သူ လေး
ကျွန်တော့်အကြောင်း
ဥပေက္ခာဝန်းကျင် မှာ မောင်းတီး ကြေငြာ ဂုဏ်ယူဝမ်းမြောက်နိုင်ဖို့ ဖေဖေ့ကို (ဆက်ဆက်) အကြောင်းကြားပေးကြပါ )
။ ကျွန်တော် …
ဒီနေ့ မှာ (စိတ် ၊ ခန္ဓာတွဲလျက်နဲ့)
” ကျွန်တော့်လောက် သူ့ကို ဘယ်သူမှ မချစ်ဘူး ” ဆိုတဲ့
အသိအမှတ်ပြု စကားလေး တစ်ခွန်း
ဖေဖေ့နှုတ်ခမ်းတော် မှ ခြွေချ ပေး သနား လို့  ကောက်ယူ ကြားနာ သိမ်းဆည်းခွင့်ရရှိခဲ့တယ်။
(13.1.2014)
Comment #2
ခံစားအားပေးသွားပါသည်
Comment #1
ကျွန်တော်ကတော့ အမေ့ဆီက စကားတစ်ခွန်းကိုပဲ ကြားချင်ခဲ့တယ်။ ဆရာမကတော့ အဖေ့ဆီက ကြားခဲ့ရတော့ ဝမ်းသာစရာပါပဲ။ ကဗျာကို နားလည်နိုင်ဖို့ ဉာဏ်မမှီပေမဲ့ အားပေးသွားပါတယ်။