မုသားဖြူသို့ တမ်းချင်း
မုသားဖြူသို့ တမ်းချင်း
ငယ်ငယ်တုန်းက မေမေက ပြောခဲ့တယ်
ထမင်းဆီဆမ်း ရွှေလင်ပန်းကို
ဖိုးလမင်းကြီးက ဆက်သခဲ့တယ်တဲ့
နတ်သက်ကြွေ မင်းသမီးလေးအဖြစ်
(ကိုယ့်ကိုကိုယ်)
ဘ၀င်များတောင် မြင့်ခဲ့သေး
နုနယ်တဲ့အတွေးတွေအားလုံး
ဓါတ်ခွဲခန်းမှာ အဖြေရှာကြည့်
ရိုးသားခြင်းတွေပဲ ကြွင်းကျန်တယ်………..။
ကြည်စားတတ်တဲ့ လောကရေယာဉ်ကြောမှာ
ဖြူစင်ခြင်း ကို ရွက်ကြိုးတပ်တဲ့လှေငယ်ရယ်
ဆိပ်ကမ်းတွေ တစ်ခုပြီး တစ်ခု ဆိုက်ပြီးလာချိန်မှာတော့
ဟန်ဆောင်ခြင်းတွေ ဖုံးလွမ်းခံရရင်း
ကြိုးတိုင်မှာ ရွက်အား လျော့လာလေသလား…………..။
ဒီလိုနဲ့
ကြယ်တွေကြွေ တိမ်တွေလွင့်
နာရီများစွာ ရာသီများစွာ ဖြတ်သန်း
ဘ၀ရဲ့ ဓါတ်ခွဲခန်းအဖြေတွေလဲ
ပြောင်းလဲလာခဲ့မှာ သေချာတယ်…………။
အရာရာကို ချိန်သားကိုက် လက်ခံလာရတဲ့အခါ
White Liar ကို နားလည် တတ်လာခဲ့တာပါ
ဘ၀မီးအိမ်ကို ထွန်းလင်းဖို့
မသင်ကြားဘဲ တတ်မြောက်လာခဲ့တဲ့ ပညာ
လက်ခံလိုက်ရုံသာပေါ့
ဒါပေမယ့်
အတွေးတွေထဲ ကောင်းကင်က အုံ့မှိုင်းရီဝေနေတုန်းပဲ……….။
မတူညီတော့ အဖြေတွေအတွက်
မနှမြောမိပေမယ့်
တဖြည်းဖြည်း
စိတ်ဓါတ်တွေ ရင့်သန်လာမှ
တစ်ခါက မေမေပြောခဲ့တဲ့
မုသားဖြူဖြူကို လွမ်းတတ်လာခဲ့တယ်………….။
စကားချပ်….။ ။
ဒီကဗျာလေးကို မိဘဆိုတဲ့ ရင်ခွင်ထဲကနေ ကိုယ်ပိုင်ဆိပ်ကမ်းတစ်ခုကို ခွဲခွာဖို့ စတင်ခဲ့တဲ့ အချိန်ကာလတစ်ချို့က ရေးဖြစ်ခဲ့ပါတယ်….။
MEF ရဲ့ ပထမဦးဆုံး နှစ်ပတ်လည်စာစောင်လေးမှာ ပါခဲ့တဲ့ ကျွန်တော့်ရဲ့ အမှတ်တရပေါ့…