ရေဒါ
လေးဘက်လေးတန်ကာရံထားတဲ့ အခန်းထဲမှာ
ငါ မွန်းကျပ်လှောင်ပိတ် …
မင်းစွန့်ပစ်ထားခဲ့တဲ့ အမှောင်က
ငါ့အသွေးအသားကို တလှိုက်လှိုက်စားတယ်…..
ငါ တွက်ခဲ့တဲ့ တန်ဖိုးမဲ့ပုစ္ဆာအားလုံး
ငါကိုယ်တိုင် အဖြေမထုတ်တတ်တော့ဘူး
ချစ်ခြင်းတရားဆိုတာ ဘယ်လိုဟာမျိုးလဲကွယ်….
ငါ့ရဲ့ လွတ်မြောက်ခြင်း ၀ဲဂယက်ကလေးရေ
မင်းစုပ်ယူလိုက်တဲ့ အရောင်မဲ့ သင်္ကေတတွေထဲမှာ
ငါချိုးထားတဲ့ ဂန္တ၀င်သီချင်းတပုဒ်ပါတယ်
ကွယ်ဝှက်ခွင့်မရတဲ့ မျက်ဝန်းတစုံပါတယ်
အကြိမ်များစွာ ရေးပြီး
အကြိမ်များစွာ ပြန်ဖျက်ခဲ့ရတဲ့ စကားလုံး အပိုင်းအစတွေပါတယ်
တိတ်တဆိတ်ပျောက်ရှခဲ့တဲ့ သက်ပြင်းမောမောတွေပါတယ်
စိုက်ခဲ့တဲ့ သစ်ပင်ပျိုလေး
ပျိုးထောင်တာ မှားသွားလွန်းခဲ့သလား
ဟိုးအပြင် ဘ၀သစ်တခုမှာ
မင်းကလေးက လွတ်လပ်စွာ ရယ်မောပျော်ရွှင်ချင်တယ်
ငါ့လောင်းရိပ်အောက်က လွတ်ရုံတော့
အမြစ်တွယ်နေတဲ့ သံယောဇဉ်ကြိုးတွေကို
ဓားတုံးတုံးနဲ့ ခုတ်ဖြတ်ဖို့မလိုပါဘူးကွယ့်
လှပတဲ့ ပန်းပွင့်တွေ
ဝင်းဝါနေမဲ့ သစ်သီးတွေ
မူးယစ်လောင်မြိုက်နေမဲ့ ရနံ့ချိုချိုတွေ
ဆေးဖက်ဝင် အရွက်ခါးခါးတွေ
…………….
……….
ဒါတွေအားလုံးထက်
ငါ မင်းဆီက မျှော်လင့်ခဲ့တာ
ငါ့ညာလက်ဖ၀ါးလုံရုံ အရိပ်သေးသေးလေးပါ….
ဒါကို ပုထုဇဉ်လို့ ငါ ခေါင်းစဉ်တပ်ရင်
မင်းက ရယ်သံချိုချိုလေးနဲ့ ကဝေလို ပြုစားပြန်ဦးမယ်
ဟဲလို နေကောင်းရဲ့လား ?????
ထမင်းစားပြီးပြီလား ????
ခု ဘာတွေလုပ်နေလဲ ???
(၅မိနစ်လောက် ငြိမ်သက်)
မင်းမှာ လက်ကျန်သံယောဇဉ် သုံးခွန်းထက်မပိုတော့
ပွင့်ပွင့်လင်းလင်းပေါ့ ငှက်ကလေးရယ်
မင်းပျံသန်းချင်တယ်ဆိုရင်
ဟောဒီလှောင်အိမ်တံခါးကို ၁၁နာရီထိုးဖို့ သုံးမိနစ်အလိုမှာ
ငါပြန်လည်ဖွင့်ဟပေးပါ့မယ်
တောင်ပံတို့ တဖြန်းဖြန်း ရိုက်လိုက်ပါတော့ …
ပျံသန်းပါ …
မင်း လွတ်လပ်စွာ ပျံသန်းပါတော့ကွယ်….။။။။
Comment #1
အရမ်းကြိုက်သွားပါတယ် ကဗျာလေးကို။
ကဗျာလေးက ချစ်ဖို့ကောင်းတယ်။