ကျွန်တော် နှင့် နွေ – ၂
“နွေတစ်ယောက်နေမှကောင်းရဲ့ လား “ အတွေးဝင် – ဝင်မိတဲ့အခိုက်အတန့် လေးမှာ
ကျွန်တော်လေ …..
တန်ခိုးရှင်တစ်ဦးတစ်ယောက် အကူအညီနဲ့  လက်ရှိ ကို ပြာချ လိုက်ချင်မိတယ်။
ဟုတ်တယ် .. ဟုတ်ပါတယ်နွေ ..
ကျွန်တော်ဟာအကြီးစား တိတ်တိတ်ပုန်းအရူးတစ်ယောက်ပါ
ကွဲ ခွာ ကွာ ဝေး ခဲ့ ပြီး လေ သော “နှစ်ယောက်အတူ” ဆိုတဲ့ အတိတ်ကို
စိန် တစ်ရစ် မြ တစ်ရစ် ခြယ်မှုန်း ရတနာမျိုးစုံ သုံးလို့ 
ကျွန်တော် တည်ရှိရာ / ရှင်သန်ရာ အသိုက်အမြုံကလေး သဖွယ်
တည် ဆောက် ကိုးကွယ် နေခဲ့သူပါ
မလှောင်ပါနဲ့ နွေ!
အဲဒီနေရာဟာ တကယ်ကြီးကျယ်ခမ်းနားလွန်းတာကို တနေ့  နွေ မြင်သိလာရမှာ
“ကံကော်ပန်း” ရနံ့ လေးတွေ ထာဝရ သင်းပျံ့ နေသော အောက်ဆီဂျင်တွေ
” ပိုးချည်မျှင်”လုံးကလေးတွေ လိုလှမ်းလျှောက်လိုက်တိုင်း ထိတွေ့ လိုက်တိုင်း
ပျော့အိနူးညံ့ နေသော နှလုံးသားခင်းမြေသားမှုန်တွေ
ကြည်လင် သန့် ရှင်း အန္တရာယ်ကင်း သော သံယောဇဉ်စိမ့်စမ်းရေတွေ
အပူ/အအေး မျှတနွေးထွေး စွာ ဖြာဝေနေသော အလင်းတန်းတွေ …
စသဖြင့်ပါဝင်လေသော နေရာလေးပေါ့
ဒါ နွေ့ စိတ်မှန်း မှာ ထင်ဟတ်စေရုံ အကျဉ်းလောက်လေးပဲ ကျွန်တော် က ပြောပြထားတာနော်
။ နွေနေချင်မယ်ဆိုတာ ကျွန်တော်သိတယ် ။
ဒါနဲ့  နွေ
အခုတလော အိပ်မက်တွေက ကျွန်တော့်ကို တအားခြောက်လှန့် တာပဲ
ကျွန်တော်တအားကြောက်တယ်
သူတို့  ကို ကြောက်လို့ မအိပ်ပဲ ထိုင် ငိုင်နေရတဲ့ ကျွန်တော့် မျက်လုံးတွေလည်း သိပ် နာ နေ ပြီ
အတိတ်လည်း ကောက်လို့ မရ နမိတ်လည်း မဖတ်နိုင်တဲ့ အိပ်မက်ဆိုးကြီး
ဘယ်လောက်တောင် ဆိုးသလည်းဆို
ဥပမာဗျာ-ရုပ်ရှင်တစ်ကားလုံး အခန်းငယ်တစ်ခန်းထဲမှာ လူတစ်ယောက်ဟာ
အလုပ်တစ်ခုထဲကို လုပ်နေတာ ကြည့်နေရသလို နောက်ခံအရောင်တွေလည်း မပါဘူး
လှုပ်ရှားမှုတွေဟာလည်း အသေ ကြီး..
ဘယ်လောက်စိတ်ပျက် စိတ်ထွေစရာကောင်းလိုက်မလဲ အဲသလို ပုံရိပ်သဏ္ဍန်နဲ့အိပ်မက်က
နွေ… ကျွန်တော့် ရဲ့  နွေ ငိုနေသတဲ့
ကျွန်တော်လေ ငရဲပန်း ၊ ငရဲမီး…အိုဗျာ
သုံးဆယ့်တစ်ဘုံလုံးမှာ အဆိုးရွားဆုံးဆိုတဲ့ ဘုံဘဝတွေဆီသာ
အပြေးအလွှား ပြေးသွားဒဏ်ခံချင်တော့ရဲ့ 
နွေ့ မျက်ဝန်းတွေထဲက အဲဒီ အရည်ကြည်နွေးတွေကို
မမြင်ချင်/မမြင်ရက် မကြည့်နိုင်ရဲဘူးဗျ
ကျွန်တော်ဟာ သိပ်ပျော့ညံ့တဲ့ကောင်ကြီးမှန်း ကျွန်တော့်ကိုယ်ကျွန်တော်သိပါတယ်
ကျွန်တော့်ကိုယ်ကျွန်တော်ဝန်ခံပါမယ် အဲဒီ အိပ်မက် မမှန်ဘူးဆိုတာကိုတော့
တနည်းနည်းနဲ့  နွေ..ကျွန်တော့်ကို သိသာစေပေးပါ
(ကြာရင် ကျွန်တော် တကယ်သေသွားလိမ့်မယ် ကယ်ဆယ်ပေးပါနွေ)
နွေရေ..တခါတလေတော့ (တကယ်တခါတလေပိစိလေးပါ)
ကျွန်တော့်ကို သတိရနေကြောင်း သတင်းကောင်းလေး
လမ်းသင့် လူကြုံခဲ့ရင် ထည့်ပေးလိုက်ပါလားခင်ဗျာ
ကျွန်တော်က အဲဒီသတင်းကောင်းလေးနဲ့
အသက်မွေးဝမ်းကြောင်း ပြုချင်နေခဲ့တဲ့ကောင်ဗျ
(ချောင်ထဲကကောင်ဆိုပြီး ဟားတိုက်ရယ်မောလို့ 
ဒဏ်ရာတွေနဲ့ တပ်ခေါက်ပြန်သွားရတဲ့ကောင်တွေအကြောင်းနွေကြားမှာပါ)
ထားပါ ..ကျွန်တော့် ရင်လွမ်းတမ်းချင်းတွေ/မျှော်လင့်ချက်တွေ အကြောင်းကတော့
ကမ္ဘာကြီးပျက်သုန်းသွားချိန်ထိ ဖွဲ့ လို့ နွဲ့ လို့  ကျေနပ် ကုန်ဆုံး နိုင်မှာမှ မဟုတ်ပဲ
တကယ်ကြီး ထားလိုက်ပါတော့မယ်
(အတော်လျှာရှည်တဲ့ကောင်လို့ တော့ မသတ်မှတ်လိုက်ပါနဲ့ ကျွန်တော်ဆိုတဲ့ကောင်က
နွေ့ အကြောင်းတွေသီးသန့် ပြုစုဖို့  ဘုရားကစေလွှတ်ထားတဲ့ သူမို့ ပါနွေ)
ပျော်အောင်လည်းနေ တော်အောင်လည်းနေ – ထာဝရ မော်နိုင်ပါစေသား
အတွေ့ အကြုံကောင်းတွေနဲ့  ဘဝဟာ ပြည့်စုံနိုင်ပါစေသား
အသိုက်အမြုံကို နှစ်သက် ခုံမင်၊ စွဲလန်းမြတ်နိုး ၊ တန်ဖိုးထားတတ်သော
အိပ်တန်းပြန်မှန် ဌက်တို့ ၏အလား
ကျွန်တော် ဆိုသော နွေ့  ဖဝါးအနားမှာ အမြဲဝပ်တွား ခစားနေသူ၏ ရင်တွင်းကမ္ဘာ ထံမှာ
မှေးစက် ခိုဝင်နိုင်ပါစေသား
လို့ 
ဆုအကြီးကြီးတွေကို စိတ်အကြီးကြီးနှစ်ပြီး ပေးပို့ လိုက်ပါရဲ့ 
(ကျွန်တော့်ကို နည်းနည်းလောက်ဖြစ်ဖြစ် ပြန်ချစ်ပါနွေ)
အသဲကွဲ မိုး
Comment #2
ခင်ဗျားကို သတိရနေပါသည်။ 🙁

Comment #3
သတိရမိပါတယ်
အရင်က poemscorner နဲ့ ကဗျာဆရာတွေအားလုံးကိုပေါ့

Comment #1
(ကျွန်တော့်ကို နည်းနည်းလောက်ဖြစ်ဖြစ် ပြန်ချစ်ပါနွေ)
……………………………………………………
……………………………..
……………..
:'(