စွန်ကလေးကလေး
စွန်ကလေးရေ
ရစ်ဘီးကကြိုးတွေကုန်ပါစေ
တိမ်တိုက်ကိုထွင်း ကကြိုးသစ်တွေခင်းဖို့
ငါ့ရင်ဘတ်က လျော့ပေးထားတတ်ပြီ
ငါဟာ စွန်လွှတ်သူတစ်ယောက်…
ရစ်ဘီးကနှလုံးသား သံယောဇဉ်ကကြိုး
ထပ်ပိုးပြီး မြတ်နိုးခြင်းတောင်အဆစ်ပေးခဲ့သေးတယ်
လျော့ကြိုးကုန်ချိန်ရောက်လို့
ဖျော့တော့နေအရှိန်ပျောက်နေပြီ
ပြန်ခေါ်ပါရစေတော့နော်…
“ဟင့်အင်း” မလိုက်ချင်သေးဘူးဆိုပြီး
ကြိုးစလေးကို သူကိုယ်တိုင်ပဲဖြတ်သွားခဲ့တယ်
သံယောဇဉ်တွေ ပြန်သိမ်းဖို့ကြည့်လိုက်တော့
အရင်းက ဖြတ်သွားခဲ့တာ
+နောင်ရိုးစစ်+
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service