အမာရွတ်မြို့ရဲ့အက္ခရာရွာသား (သို့မဟုတ်) poemscorner မှ အညတရလူသား ဇေနိုင်း
၁၉၈၅ သည် သင်နှင့်ဘာမှမဆိုင်
ယိုင်ထိုးယိုင်ထိုး နို့မှုန့်ဖိုးလည်းမကုန်
လိမ္မာတယ် မငိုဘူး
အရူးကိုပဲ ၀ိုင်းရူးနေကြပုံ
အဲ့တုန်းကတော့ အုံဖွဲ့ကျင်းနဲ့….
ဝက်သားတုတ်ထိုး သုံးဆယ်ဖိုး
မိတ်ဆွေ ဘယ်နှခါခိုးစားဖူးသလဲ
မြို့ပြလိုင်းကား နှစ်ကျပ်ခရီး
ကိုယ့်လူ ဘယ်နှခါကပ်စီးဖူးသလဲ….
ငရဲ နိဗ္ဗါန်
တဏှာ ဥပါဒါန်
ဘုရားကယ်ပါ
အဘွားပြန်မလာနိုင်တော့ဘူးတဲ့
မိုးတွေတိတ်လို့ မျက်လုံးတွေမရပ်
ကျွန်တော့် ထိီးတစ်လက်ပျောက်သွားခဲ့တယ်….
မပျော်ဘူး မပျော်ဘူး
ပြက္ခဒိန်နဲ့အိမ်ကိုဝေးသွားချင်
အဖေနဲ့ငွေကိုဝေးသွားချင်
မလေးရှားစုန်းနဲ့ကျောက်သင်ပုန်းကိုဝေးသွားချင်
ဒါနဲ့ပဲ
ရှမ်းရိုးမဆီအသော့နှင်…..
ရှမ်းရိုးမကနောက်မဆုတ်နိုင်
ကျွန်တော်ကနောက်မဆုတ်နိုင်
ကျွန်တော်မြို့ကလေးတစ်မြို့ စ ပိုင်ပါတယ်…..
ဟေ့…ဒူးမထောက်ဘူး
ဟောဒီယုံကြည်မှုတောင်ပို့လေးကိုမှ
မတရား ဖွတ်ထွက်စေချင်သလား လောကရယ်…
လှေကားလေး တစ်ဆစ်ချိုးမှာ
ကြက်ခြေခတ်တွေက ရောင်စုံ
မှတ်တမ်းဓါတ်ပုံက မျိုးစုံ
မြို့လေးက မုန်ယို
မြို့လေးက ကြုံသလို
အို….အမာရွတ်တွေများပါပေါ့…
ရင်ခုန်ခြင်းဆိုတာအကောင်းဆုံးမေ့ဆေး
(ငါတို့ မေ့ထားရမှာတွေရှိသေးတယ်)
မေတ္တာဆိုတာ အကောင်းဆုံးဓါတ်စာ
(ငါတို့ ရှင်သန်ဖို့က ပိုအရေးကြီးပါတယ်)
အဲ့လိုနဲ့ပဲ
ပိုးဖလံတွေနဲ့ နားလည်မှုရ
တော်သလင်းလကို ဒီအတိုင်းထားလိုက်တယ်
ရင်ဟောင်းလောင်းနဲ့ အအေးမိချောင်းဆိုးကို
ဒီအတိုင်းထားလိုက်တယ်
ဆပ်ရမယ့်အတိုးတွေကို ဒီအတိုင်းထားလိုက်တယ်
ပြုံးရမယ့်နှုတ်ခမ်းတွေကို ဒီအတိုင်းထားလိုက်တယ်
ရေးလက်စကဗျာတွေကို ဒီအတိုင်းထားလိုက်တယ်
…………………………………………………………..
…………………………………………………………..
တော်တော်များများကို ဒီအတိုင်းထားလိုက်တယ်….
ခွင့်လွှတ်ပါ ဘုရားသခင်….
နှင်သူမဲ့ လက်ခံထား….
ဒီစွဲလမ်းမှုတစ်ပါဒလောက်ကို ကိုးစား….
အက္ခရာတွေနဲ့တည်
အက္ခရာအပြည့်အသိပ်သယ်
ရွာလေးအတွက်ကြိုးစား
ကျွန်တော်မျိုး ဆိုးရွားခဲ့ပါရဲ့……