မိုးရေထဲက ၀တ္ထု (အောင်ဝေး)
မြို့ပြညနေ၊ မြေနီကုန်းဈေး
စာအုပ်ရွေးဆဲ
ရှေ့ပြေးမိုးတပြိုက် ရွာချ၏။
မောင်ယဉ်မွန် ၊ မောင်လေးအောင်
လကွယ်ည …
ပထမစာရွက် ၊ အိပ်မက်မွကြေ
မိုးရေထဲမှာ သတိရ။
ဈေးဝမှထွက်၊ လက်ဖက်ရည်ဆိုင်
ထိုင်ရင်း ကဗျာဖတ်
အနာဂတ်ကို လွမ်းဆွတ်သလိုလို။
မိုးညိုရိပ်ကို ၊ စိတ်နှင့်ကျော်လွှား
မှတ်တိုင်သွားစောင့်
‘၉’ ကားတစ်စင်း ထိုးဆိုက်၏။
မတ်တပ်ကျပ်လျက် ၊ နုဖတ်စိုစွတ်
အပျိုမတစ်သိုက်၊ ပေါ့ဖွဖွရယ်လိုက်ကြ။
ဟီးနိုးတိုးဆင်း
မိုးပြင်းလေဝှေ့၊ လမ်းချိုးကွေ့ခဲ့
ရှေ့က ‘စံရိပ်ငြိမ်’ တဲ့လေ။
အိမ်ခန်းကျဉ်းလေး၊ စုဝေးငှားနေ
စာပေမိတ်ဆွေတို့နှင့်အတူ။
ပိတ်လှောင်မွန်းညပ်
အိပ်ရာဖြတ်ကျော်၊ပိုးဟပ်တွေကြား
ဗန်ဂိုးရဲ့ အာလူးစားသူများ ပန်ချီကား။
စိတ်ပျက်ပျက်နှင့်၊ လမ်းထွက်လျှောက်ပြန်
ရင်ခုန်သံတွေ မိုးရေစိုအိ။
ညရိပ်ကျိုးကျဲ၊ မိုးမှုန်ဖွဲသွန်း
ကြေကွဲစိုးထိတ်၊ သစ်ရိပ်ဝင်နား
အင်းလျားကန်စပ်၌။
တစ်ချက်တစ်ချက်၊ လမ်းမဘက်မှ
လက်လက်မီးပွင့်၊ လေနှင့်လွင့်လာ
မဟူရာရေရိပ် ဇာပါးလွ။
အလွမ်းပြဇာတ်၊ ညကို ဖြတ်သန်း
လန်းဆတ်စိမ်းစိုလာသယောင်။
အချိန်လွန်မှ၊ ဘိုင်ရွန်ရဲ့ကဗျာ
‘ညဆိုတာ ချစ်ရေးအတွက်ဖြစ်လာတာ’ တဲ့
မိုးရေထဲမှာ၊ ငါပြန်လာခဲ့သည်။ ။
အောင်ဝေး (မိုးဝေ၊ ၁၉၈၂၊ နိုဝင်ဘာ)
– ပထမဆုံး ပုံနှိပ်ကဗျာ