စိမ်းပြာညိုမှောင်တမ်းချင်း (အောင်ဝေး)
ရန်ကုန်မိုးရိပ်
အိပ်လို့မရ၊ ညကိုဖြတ်သန်း
တမ်းတခဲ့ပြီ
စိတ်နဲ့ထွက်ပြေး၊ ဟို့ အဝေးမှာ
ရွေးမြစ်ကမ်းခြေ၊ လွန်းတောင်ရိပ်။
တောင်ရိုးခြေထဲ
မိတ်ဆွေတို့ထံ၊ ငါရောက်ပြန်ပြီ
ဆန်အရက်ညို၊သောက်ချိုမွှေးယစ်
အချစ်မူးမူး လူမူးမူး။
ရေဆန်လမ်းလား
ငြိမ်းချမ်းရေးလှေ၊ ကဗျာတွေနဲ့
မေလည်လိုက်ပါ၊ ရာဇ၀င်ဖြစ်
ဖူးသစ်ခဲ့တဲ့ ရက်ဦးတွေ။
ကျေးလက်ကျောင်းက
ခေါင်းလောင်သံဖြူ၊ ချစ်ခဲ့သူလေ
လူထုကြားက အလွမ်းဇာတ်ဆရာ။
ကမ်းခြေရေဆိပ်
လရိပ်ကြယ်ရောင်၊ တောင်တစ်ခြမ်းလင်း
တို့သီချင်းတွေ
နှင်းမြူထဲက မဟာဂီတ
တောင်ခြေတောတန်း
မြစ်ကမ်းပါးက ၊ ‘ငဘ’ အိမ်အို
‘ကိုဒေါင်းစိန်’ အိမ်ပျက်
ကျေးလက်ရဲ့ ဘာသာဗေဒ သုည။
မလှပတဲ့
ဘ၀အမော၊ ရိုးအသောလေ
တောကြား တောင်ကြားမှာ
တောကားတောင်ကား ပန်ချီကားမဟုတ်။
‘ငှက်ဖျားတစ္ဆေ၊ ရက်များရှည်’ သတဲ့။
‘ငါးထွေအဟပ်၊ မြွေကပတ်’ သတဲ့
အနာဂတ်လက်ကျန်၊ မနက်ဖြန်မှာ
ပြန်လာပါဦး ကဗျာရယ်။
မပြောင်းလဲဘူး
ဆင်းရဲရုပ်များ၊ လှုပ်ခတ်ပူနွေး
ဟို့ အဝေးမှာ……။
ရွေးမြစ်ကမ်းရိပ်
လွန်းတောင်ထိပ်လေ၊ အတိတ်မှုန်ဝေ
ရင်ခုန်ခဲ့ရ၊ရွာလွမ်းညမှာ
ငါ့ရဲ့အိပ်မက်
တစ်ဝက်စိမ်းပြာ တစ်ဝက်ညိုမှောင်။ ။
– အောင်ဝေး (ပေဖူးလွှာ၊ ၁၉၈၃၊ မတ်။)