ကမ္ဘာအဆက်ဆက်
ဒီအတိုင်းလေးပဲ မြူခိုးဆန်ခဲ့ပါတယ် ဝိုင်းစိန်၊
နင့် လေးညှို့ သံဟာ မပီဝိုးဝါး..
ဒါပေမယ့်
သံသရာတစ်ဖက်ခြမ်းအထိကို
ငါ ကြားခဲ့ပါရဲ့ ။
ဘဝကို ဒုတိယမ္ပိ တပ်မက်ခဲ့ပေမယ့်
ဘာကို ငါကရွေးချယ်ရသတဲ့လဲ…
လမ်းဟာ မျက်စိတဆုံး
အလွမ်းနံ့ တွေ စို.. ရွှဲသွားတယ်။
ကျောခိုင်းသွားမှ မဟုတ်ပါဘူး..
မျက်နှာချင်းဆိုင် ဝေးနေရလည်း
လောကဟာ ငရဲပါပဲ၊
ဒါကို ကံတရားက
ငါနဲ့ သက်သေပြတယ်…။
ဝိုင်းစိန်ရယ်…၊
စိတ်ကူးနဲ့ ဆောက်တဲ့အိမ်ချင်း
ပေါင်းကူးတံတားလေးတစ်စင်းတောင်
ခင်းခွင့် မရဲခဲ့သူ..
နင့်နှလုံးသားရဲ့  တံခါးဝရှေ့ 
ယောင်တိယောင်န ဖြူစင်ပြရုံကလွဲ..
ငါဘာများ တတ်နိုင်ဦးမှာလဲ….
ငါ.. ဘာများ တတ်နိုင်ဦးမှာလဲကွယ်။
စာအုပ်ကလေးပိတ်လို့ 
ငါ တိတ်ဆိတ်လိုက်ပါတယ်…၊
ဒါဟာ နင့်အတွက်
ငါ့ရဲ့ နောက်ဆုံး ချစ်သောစကား…..
ကမ္ဘာအဆက်ဆက်ထိ
နင် ပြန်လည် ကြားနိုင်ပါစေသားကွယ်…၊
ကမ္ဘာအဆက်ဆက်ထိ
နင် ပြန်လည် ကြားနိုင်ပါစေသား….။
Comment #2
……
kyun taw hnit thet swar khan sar
arr payy thwar par thee
myanmar keyboard ma shi loh
Comment #1
I am your big fan.i like all of your poems.:)