သစ်သားတံခါး(ကွဲအက်မိုး)
သစ်သားဆိုတာ သစ်ပင်အသေပါ
အရာရာခြောက်သွေ့
ဆောင်းနံနက်ရဲ့ လေပြည်သွေးကတောင် ဘယ်သောအခါမှ
ယိမ်းနွဲ့စေနိုင်မှာ မဟုတ်တော့ဘူး။
တံခါးဆိုတာ နံရံတွေရဲ့ အဆုံးသတ်ပါ
အလင်းနဲ့အမှောင် ကမ္ဘာနှစ်ခြမ်းကို
ရင်ကြားစေ့ပေးဖူးခဲ့သူ
ပျောက်သွားတဲ့ သော့ခလောက်တွေအကြောင်း
အိပ်မက်မက်ရင်း
ကျီးလန့်စာစားညများစွာကို ကန်လန့်ထိုး ပေးဖူးခဲ့ရ။
တချို့ကဝင်လာတယ် တချို့ကထွက်သွားတယ်
သစ်သားတံခါး …. မျက်နှာအသေတစ်ခုနဲ့
အမြဲ တံဏှိဘာဝေ ရပ်ကြည့်ခဲ့။
တစ်ခါမှကိုယ်ကို ညွှတ်ကိုင်း အမြင်ရိုင်းလောက်အောင်လည်း
လက်မပြခဲ့ဖူးဘူး …..
သစ်သားတံခါး …. အံကိုတင်းတင်းကြိတ်
ပိတ်တဲ့အခါလည်း ပိတ်မပေါ့။
လူတစ်ချို့နားလည်တဲ့ ဘာသာစကားဆိုတာ
ကိုယ်လက်အင်္ဂါမှ အစုံမပါကြတာ…..
သစ်သားတံခါး ….
ပတ္တာကို ခိုစီး … တစ်ခါတစ်ရံမှာလည်း
အတွင်းနဲ့အပြင် ပဋိပက္ခတွေအကြား
ငိုကြွေးသံလိုလို မြည်ဟီးတတ်ခဲ့
တစ်ဖက်မှာ အမှန်ရပ်နေတယ်
တစ်ဖက်မှာ အမှားရပ်နေတယ်
သစ်သားတံခါးလေး ….
တဒေါက်ဒေါက်မြည်တဲ့ ရင်ခုန်သံတွေနဲ့အတူ
လောကကိုသူဆွဲဖွင့် ……
ကွဲအက်မိုး
၂၃၊၁၁၊၂၀၁၄
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရေးအသားနဲ့ စကားလုံးရွေးချယ်မှုတွေ ကောင်းတယ် .. .။