Professional Authors

ချစ်သူဖတ်ဖို့ကဗျာ

မသိခြင်းတရားတွေနဲ့
ငါ့လောကထဲမှာ လာပွင့်တဲ့ပန်းလေးရယ်
မင်းရဲ့ သစ်လွင်တောက်ပတဲ့ရနံ့တွေအတွက်
ငါ့မနက်ခင်းဟာ ရုပ်ဆိုးအကျည်းလွန်းတယ်

နေခြည်လိုနွေးထွေးခွင့်မပေးနိုင်တဲ့ရင်ခွင်နဲ့
တိမ်တွေလို လွင့်မျောနေတဲ့ ငါ့ကောင်းကင်ဟာ
အချိန်မမှန်တဲ့ ရာသီဥတုတွေသာပိုင်ဆိုင်ထားတယ်

လေပြေတွေ စစ်ခင်းနေတဲ့ငါ့ဝန်းကျင်မှာ
အိမ်ပြန်ချိန်နောက်ကျတတ်တဲ့ ခြေလှမ်းတွေအကြောင်း ပုံပြောကောင်းသူတွေနဲ့

ငါခြေချရာ အခန်းလေးထဲမှာတော့
အိပ်မက်အသေတွေက နံရံမှာပြည့်နှက်
ငါ့ကိုခြောက်ကပ်ကပ်ကြည့်ကာ
လှောင်ပြောင်နေကြတယ်

ရနံ့တွေပျင်းတိပျင်းလျော်နဲ့
သံဝေဂတရားတွေ အစီအရီပွင့်ဖူးနေတဲ့
ငါ့အိပ်ယာထက်မှာ
ဘယ်တော့မှ မိုးမလင်းသေးတဲ့
black hole တစ်ခုရှိတယ်

သံဇဉ်အလွဲတွေနဲ့ ကိုယ့်သိက္ခာတရားတွေသာ
အပ်ကြောင်းထပ်ရေရွတ်နေတဲ့
ဂီတာတစ်လက်နဲ့
အတိတ်အကြောင်း သတင်းကောင်းမပါတဲ့
ဒိုင်ယာရီစာအုပ် အဟောင်းလေးရှိတယ်

တစ်ခါတစ်ခါ တံခါးလာခေါက်တတ်တဲ့
သေခြင်းတရားတွေနဲ့
စာမလာသတင်းမပါးသေးတဲ့ ငါ့အနာဂတ်တွေက

မင်းအတွက် ဆက်ဖတ်ရန်မသင့်တော့တဲ့
ကဗျာတစ်ပုဒ်ပါ . . .

In: ကဗျာ Posted By: Date: Apr 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment