မနက်ခင်းလေးရဲ့ ဈာပန
မနက်ခင်းဟာ အလင်းခါးခါးတစ်ခွက်နဲ့
သူ့ပြူတင်းတံခါးကို ဖွင့်လိုက်တယ်
ရောင်နီတွေခုတ်မောင်းနေတဲ့လယ်ကွင်းပြင်ထဲမှာ နေခြည်တွေလုပ်ငန်းခွင်ဝင်နေကြပြီ
ဘူတာကို ရထားတွေစိုက်ရောက်လာကြပြီ
တံငါလှေတွေ မြေပြင်ကိုစွန့်ခွာနေကြပြီ
ပြူတင်းတံခါးဝမှာ သူရပ်ငေးနေတုန်း
သူ့ဝိညာဉ်ဟာ အခန်းထဲက ထွက်ခွာသွားခဲ့
သူကတော့ သောက်လက်စခွက်ထဲက
ရုန်းမထွက်နိုင်သေးဘူး
်ညနေခင်းထက် စောတဲ့ခြေလှမ်းတွေမှာ
ပူပြင်းလောင်ကျွမ်းဖူးတယ် ဆိုတဲ့အကြောင်း
နေဝင်ချိန်ထက် နောက်ကျခဲ့တဲ့
တံငါလှေတစ်စင်းရဲ့ဘဝကို
ူမြင်ယောင်နေတုန်း
ရထားတွေက သံသရာတနင့်တပိုးတင်ဆောင်ပြီး
ဘူတာက ထွက်ခွာသွားကြတယ်
သေချာတာက. . .
ီသူလည်း မကြာမီ ကောင်းကင်တစ်လျောက်
ခရီးနှင်ရတော့မယ်
ဝိညာဉ်လောကများရဲ့အလွန်
မိုးကုတ်စက်ဝိုင်းရဲ့အစွန်းတစ်ဘက်မှာ
သူ့အတွက် သေချာတဲ့မနက်ခင်းတစ်ခု
ရှိနိုင်ပါ့မလား
အတွေးနဲ့သူပြစ်လွှတ်လိုက်တဲ့မြှားတစ်စင်းဟာ
ထွက်ခွာသွားတဲ့ သူ့ဝိညာဉ်ကိုသာထိမှန်ပြီး
အခန်းထဲကိုပြန်ရောက်လာခဲ့တယ်
ဝိညာဉ်အသေကို ဖက်တွယ်ငိုကြွေးနေတဲ့
အခန်းထဲက မနက်ခင်းကို
ကောင်းကင်ဟာ
်နောက်ဆုံး အဆုံးစီရင်ပေးလိုက်တယ်
ိသူရဲ့နောက်ဆုံးဈာပနမှာတော့
မိုးရာသီဟာ အခန်းအပြင်မှာ
ဝမ်းနည်းငိုကြွေးနေလေရဲ့