အသအပျောက်များတဲ့ ကဗျာ
အတိတ် နှစ်ပေါင်းများစွာအကြောင်း
စကားလုံးပေါင်းများစွာ ကောက်နှုတ်ချက်ဆီသို့
စိတ်ရဲ့အလျင်နဲ့ ပြစ်လွှတ်လိုက်တဲ့မြှားတစ်စင်း
အလင်းနှစ်သန်းပေါင်းများစွာ စကြဝဠာ
ဘုရားသခင်ရဲ့စင်ကြယ်ခြင်းနဲ့ဖြစ်တည်လာတဲ့ကမ္ဘာ
ညစ်ညမ်းစေတဲ့ လူတချို့အတွက်
မေတ္တာတရားခေါင်းပါးမှုအစ သုညကမ္ဘာ
မြွေမြွေခြင်းခြေမြင်
လူလူချင်းခြေတင်
နျူးကလိယားအိပ်မက် သုညတွေကိုတန်ဘိုးတက်စေခဲ့တယ်
ဈေးထဲမှာရောင်းတဲ့အသားက ဇာတ်တူသား
လက်ကိုင်မှာဆုပ်ကိုင်ထားတာ အတ္တအသွားထက်ထက်
ကိုယ့်ကိုယ်ကိုယ် ခုတ်မိတော့မှ ကိုယ့်သွေးသားမှန်းသိတဲ့ဈေးကွက်စီးပွားရေးက
ဝတ်ကောင်းစားလှ မနက်ဖြန်ကိုမျှော်တယ်
Expire Dateကိုပြောင်းပြောင်းခြုံတဲ့စားသောက်ကုန်
ှဓာတုဗေဒမပါမဖြစ်ထမင်းဝိုင်းက
စားသုံးသူလူတန်းစားမရွေး မြှူဆွယ်တယ်
နည်းပညာနဲ့အတူ ကြီးပြင်းလာတဲ့
အနာမျိုး၉၆၀က
လူမျိုးဘာသာမရွေးကို ဆေးရုံပေါ်ကမနက်စာနဲ့
ှဧည့်ခံတယ်
အောက်ဆီဂျင်မလောက်ငတော့တဲ့ လေထုအတွက်
အိုဇုန်းလွှာမရှိတော့တဲ့ ကောင်းကင်အတွက်
ဥတုသုံးပါး မကွဲပြားတော့တဲ့အခါ
ကာလံဒေသံ မခွဲခြားတော့တဲ့အခါ
အရေးပေါ်ခွဲစိတ်ခံလိုက်ရတဲ့ ကမ္ဘာ
မုန်တိုင်းမလာခင်အထိ မျှော်လင့်ချက်ရှိပါစေကြောင်း
ဆုတောင်းရင်း
ဒီကဗျာမှာ အသေအပျောက်များတယ်. . .