Professional Authors

ရန်ကုန်

မြို့က
သူ့ကျောကုန်းပေါ်ခြေချမိတာနဲ့
ကြောက်အား လန့်အား မီးနီပြတယ်။
လမ်းတစ်လျှောက်မှာ
လမ်းကိုဖြည်းဖြည်းလျှောက်နေတဲ့ ကားတွေ
တစ်ဖက်တစ်ချက်မှာ
တစ်ဖက်က တစ်ဖက်ကို ချက်(check)နေတဲ့ နေ့တွေ
ဟွန်းသံပေးပြီး ကျော်တက်ဖို့စိတ်ကူးရင်
ကျော်တက်မိတဲ့ စိတ်ကူးကို ပွတ်ဆွဲခံရမယ်။
ပြည်လမ်း
ပြည်သူတွေ လမ်းပေါ်မှာနေတဲ့လမ်းလား
မင်းဓမ္မလမ်း
မင်းတွေရဲ့ ဓမ္မအကြောင်း မှတ်တမ်းပြုတဲ့လမ်းလား။
ကြိုးတန်းလန်းနဲ့တိုက်တွေကြားမှာ
ကြိုးတန်းလန်းနဲ့ဘဝတွေလည်း
ကြိုးတန်းလန်းမျှော်လင့်ချက်တွေက
အခုထိ
တိုက်ရှေ့နားမှာ တစ်ပွဲ ၂၀၀။
ခင်ဗျားရောက်နေတဲ့မြို့မှာ
ဣနြေ္ဒကို အဖတ်ဆယ်ဖို့ကြိုးစားမနေနဲ့
အရင်မှားတဲ့လူက
အရင်ဟောက်ပစ်လိုက်ဖို့ ဝန်မလေးဘူး
ခင်ဗျားခြေလှမ်း
ခင်ဗျားအကြည့်နဲ့
ခင်ဗျားပါးစပ်ကို
လျှို့ဝှက်ကင်မရာတပ်ထားမှ ရမယ်။
လူတွေ ရှုပ်တယ်
လမ်းတွေ ရှုပ်တယ်
ကားတွေ ရှုပ်တယ်
ယောက်ျားလေးတွေ မိန်းကလေးတွေ ရှုပ်တယ်။
ပြီးတော့
သက်ကြီး ရွယ်အိုတွေ ရှုပ်တယ်။
စကားလုံးတွေက ရှင်းပါတယ်
နားကသာ ရှုပ်နေတာ။
မြင်ကွင်းက ရှင်းပါတယ်
မျက်စိကသာ ရှုပ်နေတာ။
ခင်ဗျားကသာ သူစိမ်းမို့ ရန်ကုန်က ခင်ဗျားကို စိမ်းတာ
ခင်ဗျားကသာ အလိုရှိရင် ရန်ကုန်က ခင်ဗျားကို အလိုရှိပါတယ်။
မောင်ခိုင်မြတ် (ရေဦး)
၁၀၊ ၁၊ ၂၀၁၆။
In: ကဗျာ Posted By: Date: Jan 18, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment