—အရေးအသား—
မမ မင်းကိုငါ ချစ်တာ လို့ရယ်မောပြီး မင်းနဲ့ငါ စာသားတည်ဆောက်ပုံ၊ ရာသီဥတု ဘာသာစကားဟာ ဘယ်တော့မှဝေးမသွားကြဘူးလို့ပြောတယ်
နှင်းတွေကြားထဲမှာ တစ်ယောက်ကိုတစ်ယောက်ပေကျံနေတဲ့ ဓာတ်ပုံ၊ ၀င်သက်ထွက်သက်ဟာ အေးစက်ကိုက်ခဲနေတာပဲ
ငါဘာကိုမှမယုံဘူး၊ ငါတစ်ခုခုကို ယုံတယ်၊ မမဟာ ငါ့အပေါ် တမြည့်မြည့်လောင်ကျွမ်းနေတဲ့ အိပ်မက်တွေ ရွာချပေးခဲ့တယ်
ငါဟာ အေးစက်ပြီး၊ ဘာမှမလုပ်ရသေးခင် ဘာကိုမှ မလုပ်နိုင်ဘူး၊ ငါအော်ပြောပေမဲ့ ဘာသံမှ လေထုကိုရိုက်ခတ်မသွားတာ ငါသိလို့
ငါ့နာကျင်မှုဟာ ဘယ်သူ့ကိုမှ မကူးစက်နိုင်ဘူး၊ မမ မင်းကိုငါချစ်တာလို့ ငါ့အကိုင်းအခက်တွေ ဘရိန်းကျူမာနဲ့သေဆုံးသွားရတယ်
မမ မင်းကိုငါချစ်တာလို့ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင် ဘယ်သူ့အတွက်မှ အဓိပ္ပါယ်မရှိခဲ့တာကို မေ့လျော့သွားရတယ်
အသက်ရှင်နေတဲ့လူဟာ ချစ်တတ်လို့ အသက်ရှင်နေတဲ့လူဟာ ဘုရားပဲ ငါ့အသက်ရှင်သန်မှုမှာ
ဘာသာစကား၊ စကားလုံးတွေဟာ ဘယ်တော့မှပြန်မလာတော့တာ ငါ့အသက်ရှင်သန်မှုကို
ငါ့ဘာသာ နောင်တရတယ်၊ ငါ့ စိတ်အမှောင်ချောက်ကမ်းပါးအစုအဝေးကြီးထဲက ကင်ဆာဟာ မမ မင်းကိုငါချစ်တာလို့ ရယ်မောပြီး
မမ မင်းကိုငါချစ်တာလို့ နာကျင်အက်ကွဲပြီး လေထုကို အသံမထွက်တဲ့ စကားလုံးတွေနဲ့ ရိုက်ခတ်ပစ်လိုက်တယ်