နာကျင်ရေခိုးရေငွေ့များ
မောဟိုက်အိပ်မက်တွေ ငါ့အသက်ရှုသံထဲကနေ တွားလျား ထွက်လာကြတယ်
ဘာသာစကားဟာ စောက်ရူး စကားလုံးတွေနဲ့ ငါ့ကိုကောက်ပေါက်ပြီး အလင်းရောင်ထဲ ပြေးဝင်သွားတယ်
ငါ က စောက်ရူးပဲ ငါ့စိတ်ဟာ လမ်းပေါ်မှာ ဆောက်တည်ရာမဲ့ အလေအလွင့်လို နေရာအနှံ့အပြား ပျက်ကျလို့
နာကျင်ရေခိုးရေငွေ့တွေရိုက်ခတ်နေတဲ့ အသံဟာ အရပ်ရှစ်မျက်နှာက လွင့်လာပြီး ငါစွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ ဒုက္ခ
ငါ့ကို သတ်ဖြတ်ပစ်လိုက်တယ်၊ ငါဟာ ကင်ဆာနဲ့ သေသွားတာ၊ အသက်ရှင်သန်မှုတိုင်းမှာ ပျော်စရာ ဆဲလ်တွေသေလို့
အိမ်အကြောင်းကိုတွေးမိရင်ဘာကိုမှ သတိမရတော့ဘူး၊ တစ်ယောက်ယောက်က အိမ်ကိုပြန်သွားရင် အဲဒီမှာ ဘယ်သူမှရှိမနေဘူး
အိမ်ထဲမှာ အဖေ၀ယ်ထားတဲ့ စက္ကူဘလိတ်ဓားဟာ ငါ့စိတ်ကိုရှပြီး သေလို့
ဘယ်တော့မှပြန်မလာတော့ဘူး
လမ်းပေါ်မှာ ရှုပ်ထွေးယဉ်ကြောတွေသေသလို သေလို့
ဘယ်ကိုသွားသွားအဲဒီဘက်ကို ငါပြန်ရောက်လာမယ်
ကတိက၀တ်၊ ပုဂ္ဂလ အမှန်တရားထက်ကြီးကျယ်တဲ့ လှပကောင်းမွန်တဲ့ကမ္ဘာ
ခြောက်သွေ့နံရံတွေပြိုကွဲသွားသလို
ကွေ့ကောက်နေတဲ့ လောကအပေါ် ဖြောင့်မတ်မျဉ်းကြောင်းတွေ ဦးခေါင်းပေါက်ကွဲထွက်သလို သေလို့
လက်ဖက်ရည်သောက်ပြီး၊ စောက်စကားပြောပြီး၊ တစ်ယောက်တည်းရှိသလိုနေထိုင်ပြီး
နာကျင်ရေခိုးရေငွေ့များ ရိုက်ခတ်တဲ့အခါ
မွန်းကြပ်တံခါးပေါက်တွေ ပြေးထွက်စရာ နောက်ထပ် ငရဲတွေ မရှိတော့သလို
ကျိုးကျစရာ အကိုင်းအခက်တွေ ပြုန်းတီးသွားသလို
ငါတွေးခေါ်ထားတဲ့ ကမ္ဘာမှာ သေလို့၊ပဋိပက္ခအတု၊နာကျင်မှုအတု တွေသာ အစစ်အမှန်ရှိတော့သလို
မီးလောင်နေတဲ့ရောမမြို့လို နီယိုဘုရင်ရဲ့လက်ထဲက တယောလို
ကျေကျေနပ်နပ်ကြီး သေလို့