ကိုယ်တိုင်ရေး ကယ်ရီကေးချား (သုခမိန်လှိုင်)
ကံကောင်းတဲ့တစ်နေ့က
လေယာဉ်ပျံကြီး စီးရတယ်
ကံမကောင်းတဲ့ တစ်နေ့က
ခွေးဟောင်ခံရတယ်။
ကမ္ဘာကြီးနဲ့ ကျွန်တော့်ကို
ယှဉ်တွဲပြီး ဗေဒင်ဟောကြည့်တော့
ဂျွန်လင်နွန်
ဖရက်ဒီမာကျူရီ
ကတ်ကိုဘိန်း လွန်သော်လည်း
သီချင်းကောင်းများ ဆက်လက် နားဆင်ရအံ့
ချာလီချက်ပလင်
ဖိုးပါကြီး
သန်းနွဲ့ လွန်သော်လည်း
ငိုအားထက် ရယ်အားများ သန်ရဦးအံ့
ခင်သန်းနု
ဂျနီဖာ
ရှကီရာ လွန်သော်လည်း
မိန်းမလှလေးများ
ညှို့အားကောင်းနေဦးအံ့
ဟစ်တလာ
မူဆိုလိုနီ
နစ်ဆင် လွန်သော်လည်း
အဓမ္မတရားများ
ဆက်လက် ထွန်းကားနေလတ္တံ။
ယတြာမှာ
ကမ္ဘာတစ်ပတ် ပတ်၍
အရပ်ရှစ်မျက်နှာကို
ပီကာဆို ပန်းချီကားများ
အလကားဝေပါ။
အဖြေမှာ
ကမ္ဘာကြီးကို နားဆင်မိသူ ဘီသိုဗင်ခမျာ
နားပင်းသွားတယ်
ဘီသိုဗင်ကို နားဆင်မိသူ ကမ္ဘာကြီးမှာ
ကျန်းမာလာတယ်
ကျွန်တော်နဲ့ ကမ္ဘာကြီးကတော့
ဇွဲကောင်းကောင်း အချစ်ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ
လုံးလည်ချာလည်။
သုခမိန်လှိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လှလိုက်တဲ့ ကယ်ရီကေးချားဗျာ